Wednesday, November 13, 2013

7-year is not enough ဆရာဝန်ဖြစ်ဘို့ ဆေးပညာဘွဲ့နှင့် မလုံလောက်တဲ့ခေတ်

အလုပ်ရရခြင်း မုံရွာဆေးရုံကြီးမှာ တာဝန်ကျတယ်။ ကံကောင်းပြန်တာဘဲ၊ ကျွန်တော်က မုံရွာသားလို့ ပြောလို့ရတယ်။ ၅ နှစ်သား ကတည်းက ဇာတိဖြစ်တဲ့ ပုလဲမြို့နယ်၊ မင်းရွာကနေ မုံရွာကို ရွှေ့နေခဲ့ရတာ။ ၁၉၅ဝ လောက်က ရောင်စုံ သူပုန် ခေတ်ကိုး။ အဖြူ-အဝါ-အနီ စုံနေတာဘဲ။ ငယ်သေးတော့ သိပ်မသိပါဘူး။ အိမ်ကို စစ်တပ်လဲ လာတယ်၊ အစိုးရကို တိုက်နေတဲ့ အဖွဲ့တွေကလဲ တမျိုးပြီး၊ နောက်တမျိုးလာတယ်။ လက်နက်ဆိုတာ ပေါသလား မမေးနဲ့၊ ခြင်းတောင်းထဲမှာ တည့်ထားတာ အခုထိ မျက်စိထဲ မြင်နေတုံးဘဲ။ ဓါးပြတွေကလဲ သောင်းကျန်ကြတာ ညညဆို ခွေးဟောင်ရင် သတိသာ ထားပေရော့။ ဓါးပြက လက်နှိပ်ဓါတ်မီး ငါးတောင့်ထိုးနဲ့လာတာ။ နောက်ဆုံးတော့ ကျွန်တော့်မိဘတွေ နွားလှည်းတစီးနဲ့ ရွာကနေ အပြီးအပိုင် ထွက်ရပြီး၊ မုံရွာမှာ (ရီဆက်တဲလ်) လုပ်ရတော့တာဘဲ။

မုံရွာမှာခဏတာဝန်ကျပေမဲ့ ကံမကောင်းတာက (မဆလ) ခေတ် စမ်းသပ်ခံဘဝတွေ ဖြတ်သန်း ရင်ဆိုင်ရသူတွေ ဒုနဲ့ဒေးထဲမှာ ဆရာဝန်ဖြစ်စတွေလဲ ပါလို့ပါ။ အစိုးရမှာ ငွေမရှိတာလား၊ ရွှေဥာဏ်တော် စူးရောက်တာလား မသိဘူး။ အလုပ်ဝင်ဝင်ချင်း ဆရာဝန်တချို့ကို (ဂျေအေအက်စ်) အငယ်တန်း ဆရာဝန်ဆိုပြီး၊ အငယ်တန်းအရာရှိ လစာနဲ့ ခန့်တယ်။ ထုံးစံက ဆရာဝန်ဖြစ်တာနဲ့ ဂေဇက်ဝင်အရာရှိ ဖြစ်ရတာပါ။ ၄၅ဝ စကေးလို့ လဲခေါ်ခဲ့တယ်။ (ဂျေအေအက်စ်) က ၃၂ဝ စကေးပဲရတယ်။ ဒါပေမဲ့ တနှစ်တောင် မကြာဘူးထင်တယ်၊ အဲဒီစနစ်ကို ပြန်တည့်ပေးလိုက်ပြန်ရော။

မုံရွာမှာ တနှစ်ကျော်ကျော်လေး တာဝန်ကျပေမဲ့၊ ဖေါင်ကြီးသင်တန်းဆိုတာကို ၄ လတိတိ သွားတက်ရတယ်။ ဖေါင်ကြီးသင်တန်းမတက်ရင် အလုပ်မရ၊ ဘွဲ့လွန်မတက်ရ၊ နိုင်ငံခြားသွား စာမသင်ရတာတို့ လုပ်ထားတယ်။ အစိုးရဝန်ထမ်း လုပ်သူမှန်သမျှ၊ အရာရှိရော-မရှိရော တက်ကြတဲ့ မဟာသင်တန်းကျောင်းကြီး ဖြစ်တယ်။ အဆင့်လိုက် သင်တန်းအမျိုးမျိုးခွဲထားတာ။ ဆရာဝန်တွေ တက်ရတာကို ဇေယျသင်တန်းဆိုပြီး ခေါ်တယ်။ ကျွန်တော်တို့က ဇေကျ ၁၉ ကို တက်ရတယ်။ ဆယ်တန်းအတူအောင်ပြီး စက်မှုတက္ကသိုလ်ရောက်သွားတဲ့ သူငယ်ချင်းတွေလဲ ပြန်တွေ့ရတယ်။ သင်တန်းတခုကို လူ ၃ဝဝ ကျော်စီရှိတာ။ တပ်ရင်းတခုပုံစံပေါ့။ အတူတက်ရတာ အင်ဂျင်နီယာတွေအပြင် သစ်တောဌာနက အရာရှိတွေလဲပါတယ်။

နိုင်ငံရေး-စစ်ရေး-အုပ်ချုပ်ရေး ရည်မှန်းချက်တွေနဲ့ ဖွင့်ထားတာပါ။ ပညာဆိုတာ ဘာမဆို အသုံးကျတာမို့ ကောင်းတယ်လို့ ပြောရင် သင့်တဲ့ အကဲဖြတ်မှု ဖြစ်မှာပါ။ ဘာသာတွေကလဲ မနည်းဘူး။ တခါမှ မသိဘူးတဲ့ ပညာတွေ ပါတယ်။ စိုက်ပျိုးရေး-မွေးမြူရေး ဆိုတာလဲ ပါသေးတယ်။ ရုံးသုံးပညာ၊ စာရင်းကိုင်-စာရင်းစစ်-တိုက်ပ်ရိုက်တာ၊ အတော်စုံပါတယ်။ ရီရမလို၊ ရွဲ့ရမလို၊ ကျွန်တော် အဲဒီ ဖေါင်ကြီးသင်တန်းမှာ ကြက်ခြေနီသင်တန်း အောင်လက်မှတ် ရခဲ့တယ်။

စစ်ပညာသင်ရတာလဲ ပင်ပန်းပေမဲ့ ပညာရတာကောင်းပါတယ်။ (ဒရေလ်) လို့ ခေါ်တဲ့ စစ်ရေးပြ မနက်တိုင်းလုပ်ကြရတယ်။ ဒါတောင် သင်တန်းဆင်းပွဲမှာကြ ဘယ်ခြေ-ညာလက် မှန်အောင်မလျှောက်နိုင်ခဲ့ဘူး။ လက်နက်ငယ်သင်တန်း၊ ညတိုက်ပွဲ၊ အခက်အခဲ ဖြတ်နည်း၊ တာတို-တာရှည် ခရီးချီတက်ခြင်းလည်း လုပ်ရတယ်။ သင်တန်းသား တယောက်ကို ၃ဝ၃ ရိုင်ဖယ်ကျည် ၂ဝ တိတိ ပြစ်ရတယ်။ ဂျီ-သရီးက ၅ တောင့်လား မသိဘူး။ အဲ့ အစားအသောက်ကတော့ နေ့တိုင်း ပဲဟင်းပေါ့ဗျာ။ သူငယ်ချင်း ဆရာဝန်တယောက်ကတော့ ငါအိမ်ပြန်ရင် ပဲဟင်းကို ၄ လ တိတိ အချက်မခိုင်းဘူးတဲ့။

တက္ကသိုလ်ပြီးစ အလုပ်စဝင်ရချိန်ဖြစ်လို့ ကျောင်းသားစိတ်အတိုင်းပါဘဲ။ လူဆိုတာ ရွယ်တူတွေ စုဝေးနေကြရရင် အသက်ကြီးလာလဲ ကျောင်းသားစိတ်က မပျောက်ဘူး။ ပျော်တယ်၊ လွတ်လပ်တယ်။ စကြ-နောက်ကြတယ်။ ကျွန်တော်တို့ အုပ်စုက ဖေါင်ကြီးမှာကို ဆေးကျောင်းက အကျင့်တွေအတိုင်း လုပ်ကြတာပေါ့၊ တနင်္ဂနွေတရက်မှာ ဖေါင်ကြီးနားက ရွာတွေဆီသွားပြီး၊ ထန်းရည်ဝယ်၊ တပ်ထဲသွင်း၊ ကြက်သားကာလသားဟင်း ချက်တာကို ဖြစ်အောင် လုပ်ကြသေးတယ်။ (ချက်) နိုင်ငံက (အမ်ဒီ) ဘွဲ့နဲ့ ဆရာဝန်ဖြစ်လာသူတယောက်လဲ ပါသေးတယ်။ သူက ဒေါက်တာတပ်စိတ်မှူးပေါ့။

သင်တန်းတခုခုမှာဖြစ်ဖြစ်၊ အားကစားပွဲမှာဖြစ်ဖြစ်၊ လူတွေဟာ မူလစရိုက် သိပ်ပေါ်တယ်။ ကိုယ့်တွက်ကိုသာ ကြည့်တဲ့ လူမျိုး၊ သူများကို ကူညီချင်သူ၊ စည်းကမ်းကို ခပ်ပေါ့ပေါ့ သဘောထားသူ၊ ဦးဆောင်နိုင်စွမ်း၊ အနစ်နာခံနိုင်စိတ်၊ စတာတွေ အကုန်ပေါ်တယ်။ ပေါ်တယ် ဆိုတာက မြင်တတ်မှ မြင်တာပါ။ ဆယ်တန်းကျောင်းသားဟာ ရှစ်တန်းကျောင်းသား လွဲဖြေတာကို သိသလိုဘဲ။ အဆင့်မြင့်သူကသာ နိမ့်သူမှားတာကို သိတယ်။ ကိုယ့်ကိုယ်ကို ဟုတ်နေပြီလို့ ထင်နေတဲ့ လူစားက အဲလို အကဲဖြတ်ရကောင်းမှန်းတောင် မသိတတ်ပါ။ အကျင့်စရိုက်ဆိုတာ အသက်ကြီးလဲ ပြောင်းဘို့ အတော် ခက်တာမျိုး၊ သေသာသေရောဆိုတဲ့ အမျိုးအစား။

ဘုရားရဲ့ ဂုဏ်တော်ထဲမှာ “မကောင်းမှုကို ဆိပ်ကွယ်ရာမှာပင် မပြုလုပ်ခြင်း” လို့ပါတယ်။ သူများမသိအောင် တခုခု လုပ်တာမျိုးလဲ အကြုံးဝင်တယ်။ သူများ မသိဘူးထင်ရင် အမှိုက်ကို မတော်တဲ့ နေရာပြစ်တဲ့ အသေးအမွှားကိစ္စမျိုးကအစ မလုပ်နဲ့လို့ လူကြီးသူမ၊ ဆရာ-ဆရာမတွေက သွန်သင်လေ့ရှိတယ်။ အခုခေတ်မယ် မော်တော်ကားကို လူမရှိတဲ့ နေရာတွေမှာ အမြန်နှုန်းစစ်ဘို့ (စပီဒိုမီတာ) တို့၊ ဈေးဆိုင်ကနားတွေမှာ (စီစီတီဗွီ) တို့နဲ့ စစ်နိုင်တယ်။ စစ်လို့ရတာ တချို့တွေပါ။ အမှန်က ဆိတ်ကွယ်ရာဆိုတဲ့ အထဲမယ် ကိုယ်စိတ်ထဲမှာ ပြစ်မှားတာလဲ ပါတယ်။ ပြုလုပ်ခြင်း ကံအမှုဆိုတာ ကိုယ်-နုတ်-စိတ် သုံးပါးလို့ ဆိုတာကိုး။ အဆုံးအမကို တည်နိုင်သူများ အဖို့ အောင်မြင်တယ်။ ကျွန်တော်က လုပ်ရမယ်ဆိုတာကို တာဝန်ယူပြီး လုပ်လေ့ရှိတယ်။ ဖေါင်ကြီးမှာ အိမ်သာကျင်း တူးဘို့တာဝန်လဲ တာဝန်လို့ ယူဆတယ်။ စစ်တပ်ဆိုတာ အမိန့်နာခံအောင် ပုံသွင်းရတာ မဟုတ်လား။ ဆရာဝန်တွေလဲ ပုံအသွင်း ခံရတာပေါ့။ ကြာတော့ တတိုင်းတပြည်လုံး ပုံသွင်းခံကြရရော။

ဖေါင်ကြီးသင်တန်းမှာ သင်တန်းဆင်းထဲက အမှတ်အများဆုံးရသူကို ငွေဒါးဆုပေးတယ်။ ကျွန်တော် ဒါးနဲ့နဲနဲဘဲ လွဲတယ်။ လွဲမှာပေါ့၊ ငွေဒါးပေးတယ်ဆိုတာ သင်တန်းဆင်းခါနီးမှ သိတဲ့ကောင်။ အပြင်းအထံ ကြိုးစားတဲ့လူတွေကို ဒါးရူး-ဒူးယားလို့ ပြောင်ခေါ်ကြတယ်။

(ဒူးယား) ဆိုတာ (မဆလ) ခေတ်မှာ တပြည်လုံးက တောင်သူလယ်သမားတွေခေါ်ပြီး၊ စုဝေးစေတဲ့ အစည်းအဝေးကြီး လေးခုထဲက တခုပေါ့။ အဲဒီလေးနေရာ နာမည်တွေကို စီးကရက်နာမည်တွေလုပ်ပြီး ဂုဏ်ပြုလိုက်သေးတယ်။ ပုပ္ပါး၊ ဒူးယား၊ အုန်းတော၊ ခပေါင်း ခေါ်တယ်။ နေရာတင် မကပါဘူး၊ တောင်သူလယ်သမားတွေကိုလဲ “ဦးကြီး”လို့ ခေါ်တွင်စေပြီး၊ မြှင့်ပေးသေးတယ်၊ “နာမည်” ကိုပါ။ သူတို့ဘဝ၊ စားဝတ်နေရေး ဆိုတာကတော့ အနှစ် ၂ဝ ကျော် မြှင့်တင်ခံရတာတောင် ထူးကောင်းလာတာ မရှိပါဘူး။ သူတို့ခေတ် ကုန်ကာနီး ဦးကြီးတွေ စပါးမသွင်း၊ ဂျုံမသွင်းလို့ တပြည်လုံးမှာ အဖမ်းခံကြရတယ်။ ပုလဲကဆရာဝန့်အမျိုးတွေလဲ ပါတာပေါ့၊ အပြင်ဈေးနဲ့ သွင်းဈေးက အတော်ကြီး ကွာတာကိုး။ မသွင်းတဲ့လူတွေက အပြစ်ကျတယ်။ မတန်တဆဈေးနှိမ်ပြီး၊ အာဏာသုံးတဲ့ဖက်က အဲဒါမျိုးကို သူများတွေ လုပ်ရင် “အမြတ်ကြီးစား၊ ခေါင်းပုံဖြတ်”လို့ ခေါ်ဘို့ သင်ပေးတာ။ တပြည်လုံးမှာ ကျောင်းသားတွေ ကျောင်းမတက်ခင် လိုက်ဆိုကြရတယ်။ ဆေးကျောင်း မရောက်ခင်အထိပါဘဲ။

မကြာပါဘူး၊ နာမည်ပေးကောင်းသူတွေ နာမည်ပျက်ပြီး၊ သူတို့ခေတ်လဲ ကုန်ပါလေရော။ လူတွေကို တကယ်ခေါင်းဖြတ်တာတွေနဲ့အတူ တောင်သူဦးကြီးကို ချီးမြှောက်တာမျိုးမလုပ်ဘဲ ကိုယ့်ကိုယ်ကိုသာ ချီးမြှောက်တဲ့ အုပ်ချုပ်ရေးအသစ်တခု တက်လာပါတော့တယ်။

Dr. တင့်ဆွေ

No comments: