Monday, November 11, 2013

House Surgeon ဟောက်ဆာဂျင်

ကျွန်တော် ဆရာဝန်ဖြစ်တာ၊ (အမ်ဘီဘီအက်စ်) ပြီးတာ၊ ၁၉၇၂ အောက်တိုဘာမှာ။ မန္တလေး ဆေးကျောင်းကပါ။ ကျောင်းပြီးတာနဲ့ အလုပ်သင်-ဆရာဝန် House surgeon (၁) နှစ်တိတိ လုပ်ရတယ်။ (ဟောက်ဆာဂျင်) လို့ ခေါ်တာ နုတ်ကျိုးနေပြီ။ အမှန်က (ဟောက်ဆာဂျင်) ဆိုတာ တိုင်းပြည်တခုနဲ့တခု မတူဘူး။ (ဟောက်စ်) ဆိုတာ ဒီနေရာမှာ ဆေးရုံကို ပြောတာ။ အမေရိကမှာ တာဝန်ကျရင် အဆင်သင့် ရှိနေရတဲ့ ဆေးရုံက လက်ထောက် ခွဲစိတ်-ဆရာဝန်ကို ခေါ်တယ်။ ဗြိတိန်မှာတော့ လုပ်သက်ရင့် ခွဲစိတ်-ဆရာဝန်ကို ပြောတာ။ သူ့အထက်က ခွဲစိတ်-ဆရာဝန်ကြီး နေရာမှာ ဝင်ယူနိုင်တဲ့ ခွဲစိတ်-ဆရာဝန် ဖြစ်တယ်။ နယူးဇီလန်မှာ ခေါ်တာနဲ့ ကျွန်တော်တို့ဆီမှာ ခေါ်တာက ပိုနီးစပ်တယ်။ သူတို့ဆီမှာက (၂) နှစ်လုပ်ရတာဘဲ ကွာတယ်။ ခွဲစိတ်လိုင်း (ဟောက်ဆာဂျင်) နဲ့ သမားတော်လိုင်း (ဟောက်ဖီဇစ်ရှင်) ဆိုပြီး ခွဲထားသေးတယ်။ အိန္ဒိယမှာတော့ (ဟောက်စ်-ဆာဂျရီ) ဒါမှမဟုတ် (အင်တန်းရှစ်ပ်) ၁ နှစ် လုပ်ရတယ်။ အမေရိကားက Residency နဲ့လဲမတူပါ။

ကျွန်တော်တို့ဆီမှာ လက်ထောက် ဆရာဝန် မှန်သမျှကိုလဲ Assistant surgeon (အေအက်စ်) လို့သာ ခေါ်ကြတယ်။ လက်ထောက် ခွဲစိတ်-ဆရာဝန်လို့ အတိအကျ ဘာသာပြန်နိုင်တာပါ။ ဆေးမှူးစတဲ့ တခြား ဆေးပညာသယ်တွေနဲ့ အဓိကမတူတဲ့ အရည်အချင်းကတော့ ဆရာဝန်ကသာ လူနာကို ခွဲစိတ်ကုသနိုင်လို့ပါ။

(ဟောက်ဆာဂျင်) ၁ နှစ်ကို မေမြို့စစ်ဆေးရုံမှာ တာဝန်ကျတယ်။ (ဟောက်စ်) လုပ်ရင်း နေရာပြောင်း (ထရန်စဖါ) ကျတာ အတော်တော့ ရှားမယ်ထင်တယ်။ သူငယ်ချင်း မေမြို့သူ ဟောက်ဆာဂျင်ကို သူ့မိဘတွေက မေမြို့မှာဘဲ လုပ်စေချင်လို့တဲ့၊ သူငယ်ချင်းကတော့ မန္တလေးမှာဘဲ နေချင်တယ်ပြောတာဘဲ။ ဒါနဲ့ ကျွန်တော်နဲ့ လဲရတာ ဖြစ်သွားပြီး၊ သူ့မိဘတွေ ကျေးဇူးနဲ့ ကျွန်တော် မေမြို့စစ်ဆေးရုံကနေ မန္တလေးပြည်သူ့ဆေးရုံကြီး ပြောင်းရတယ်။

ကျွန်တော့် အကြိုက်လဲ ဖြစ်သွားလို့ သူ့မိဘတွေကို ကျေးဇူးတင်ပါတယ်။ အကြိုက်ဆိုတာက ကျွန်တော့်အဖို့ မန္တလေးမှာ ပိုအဆင်ပြေတယ်လေ၊ အမျိုးအဆွေတွေလဲ ရှိတာကိုး။ ပိုအရေးကြီးတာက မေမြို့ စစ်ဆေးရုံမှာ ဟောက်ဆာဂျင် လုပ်တဲ့သူတွေ အထဲကနေမှ စစ်တပ်ဆရာဝန်လုပ်ဘို့ ခေါ်လေ့ရှိတယ်မဟုတ်လား။ အမျိုးသားစစ်မှုထမ်း မလုပ်မနေရ ဥပဒေအရပေါ့။ (၃) နှစ် ဝင်လုပ်ရမှာ။ ကျွန်တော်က အဲဒါမျိုး မလုပ်ချင်ခဲ့ဘူး။

စစ်ထဲမဝင်ချင်တာလို့လဲ အပြတ်ပြောချင်တာ မဟုတ်ပါဘူး။ (၉) တန်း ဖြေနေတုံးက၊ စစ်တပ်ကနေ လျှောက်လွှာတွေ စာသင်ခန်းထဲအထိ လာဝေတယ်။ မေမြို့ စစ်တက္ကသိုလ် (ဒီအက်စ်အေ) တက်ဘို့ စစ်ဗိုလ် စုဆောင်းရေးပေါ့။ ဝင်ဖြေတယ်။ ဘာရယ် မဟုတ်ဘူးလို့ ပြောရမှာပေါ့။ အဲဒီတုံးက အသက် (၁၅) နှစ်ရှိသေးတာကိုး။ ဆရာဝန် ဘွဲ့ပြီးတော့ (၂၄) နှစ်ရှိပြီ။ (၁၅) နှစ်နဲ့ (၂၄) နှစ်မှာ လုပ်ချင်တာ-မလုပ်ချင်တာတွေ မတူတော့ဘူး။ အိမ်ထောင်ကျပြီးပြီ။ အခြေအနေနဲ့ ဘဝလဲ ခြားနား၊ အကြိုက်လဲ ပြောင်းပြီပေါ့။

မေမြို့ စစ်တက္ကသိုလ်တက်ဘို့ လျှောက်လွှာတင်သူတွေ အဲဒီတုံးက မုံရွာ၊ ခလရ (၁၅) တပ်ထဲ သွားပြီး ရေးဖြေဖြေရတယ်။ လူ (၁ဝဝ) ကျော်လောက်ရှိမှာပါ။ အဲဒါ လနဲနဲကြာတော့ အောင်သတဲ့။ မှတ်မိသလောက် မုံရွာက (၆) ယောက် အောင်တယ်။ ရန်ကုန် သွားပြီး နောက်တဆင့် ဖြေရမတဲ့။ ဖြေတာပေါ့။ ရထား၊ ကား၊ စရိတ်ငြိမ်းမို့ ရန်ကုန်သွား ဖြေဖြစ်တာလဲ ဟုတ်ပါတယ်။

အဲဒီတုံးက ပြည်လမ်း၊ ဗိုလ်ရှုခံနဲ့ မျက်နှာချင်းဆိုင်၊ ဗိုလ်ရွေးအဖွဲ့လို့ ခေါ်တဲ့ (အိုတီတီ) တပ်ထဲမှာ နေပြီး၊ ဗိုလ်ဖြစ်မဲ့သူတွေ ရေးဖြေ၊ နှုတ်ဖြေ၊ တခြားဖြေစရာတွေ ဖြေရတယ်။ တခြားဆိုတာတွေက စိတ်ပိုင်းမေးတာ၊ စစ်မြေပုံဖတ်တာတို့၊ ကာယ အလုပ်တွေက အတော်ပါတယ်။ တက်တာ-ဆင်းတာ၊ ကျော်တာ-ဖြတ်တာတွေပေါ့။ ဒုတိယအကြိမ် အောင်စာရင်း ထုတ်တော့လဲ အောင်ပြန်ရော။

အံ့သြတာက ကျွန်တော်က အောင်လဲ ထူးပြီးစိတ်လှုတ်ရှားတာ မရှိသလို၊ မအောင်လဲ အသာ အိမ်ပြန်ဘို့။ ဒုတိယအဆင့် မအောင်လို့ ငိုသူတွေရှိတာ အံ့ရော။ ကျွန်တော်က သူတို့ကို အောင်စေချင်လိုက်တာ။ စိတ်ပါလက်ပါ လုပ်ချင်သူကို ရွေးရင် ဘယ်လောက် ကောင်းလေမလဲ။ စိတ်ပိုင်း စစ်ဆေးသူတွေက မသိလေရော့သလား မပြောတတ်ပါ။

ကျွန်တော် ညံ့တာ ကိုယ့်ကိုယ်ကို အဲဒီတုံးက မသိဘူး။ သူများတတွေက ဘာတွေမေးမယ်၊ ဘာတွေဖြေရမယ်၊ ဘာပြီး ဘာ၊ အတော်သိကြတယ်။ အဲဒါတွေ အားလုံးလဲဘဲ ကျွန်တော့်အဖို့ အံ့စရာတွေ။ ကိုယ်ရချင်-ဖြစ်ချင်တာတွေ ကိုယ်က ကြိုသိထားအောင် လုပ်တယ်ဆိုတာ အမှန်က တော်တာပါ။ ကျွန်တော်က အ,တော့ (၈) တန်း၊ (၉) တန်း စာမေးပွဲတွေလို တနှစ်တတန်း၊ သင်ချိန်သင်၊ စာကျက်ချိန်ကျက်၊ ဖြေချိန်ကျဖြေ၊ ဒီလောက်ထက် ပိုမသိခဲ့ဘူး။

စစ်ထွက် ဦးလေးတယောက်ရှိတာ “မင်း ဘာမေးမေး ဦးအောင်သာဖြေ။ ကြောက်မနေနဲ့” ဆိုတဲ့ အကြံကောင်းလေး တခုတော့ ဆောင်သွားတာ။ စစ်မြေပုံ ဖတ်ခိုင်းတော့၊ ဦးလေး အကြံအတိုင်း သူများတွေထက် ဦးအောင် ကျွန်တော် ဖြေတယ်။ ဘယ်နေရာကို ရဟတ်ယာဉ်နဲ့ ဆင်းမယ်ဆိုတာ ကျွန်တော် အရင်ဆုံး ခပ်တည်တည် ပြောလိုက်ပါတယ်။ အမှတ်တော့ ရမယ် ထင်တာဘဲ။ စစ်တဲ့သူက ဆက်မေးတယ်၊ နောက်ပြီးတော့ရောတဲ့။ ကျွန်တော် ဘာမှ ဆက်မဖြေ တတ်တော့ပါ။ မကြောက်ရဘူး ဆိုတာတော့ သတ္တိမွေးနိုင်တယ်၊ မသိတာတော့ မဖြေတတ်ဘူး။

တတိယအဆင့်က ဆေးစစ်။ စစ်လိုက်တာ စုံနေတာဘဲ။ မင်္ဂလာဒုံ စစ်ဆေးရုံကြီးမှာ အခေါက်ခေါက်။ နောင် နှစ်အနည်းငယ်ဆို ကျွန်တော် ဆေးရုံ-ဆေးဝန်ထမ်း ဆိုတဲ့ဘဝကို ရမယ်ဆိုတာ ကြိုမသိခဲ့ပါ။ ဒါနဲ့ ဆေးစစ်လဲ အောင်တယ်။

အဲ နောက်ဆုံးက ဘာစစ်တာမှတော့ မရှိတော့ဘူး။ ဒါပေမဲ့ ကျွန်တော် ကျတယ်။ လူ (၁ဝဝ) လား မသိဘူး ရွေးခေါ်တယ်။ ကျွန်တော် မပါဘူး။ ကံတရား ပေါ့ဗျာ။ စစ်တာ-ဆေးတာ အကုန်အောင်၊ မစစ်တာကကျ။ အောင်မြင်စွာ ဆုတ်ခွါရတယ်ဆိုတာ ဒါမှ အစစ်။

မေမြို့ စစ်ဆေးရုံမှာ (ဟောက်စ်) ဝင်လုပ်ကြရမဲ့ မန္တလေးက အောင်လာကြတဲ့ ကျွန်တော်တို့ သူငယ်ချင်းတတွေ အတော့်ကို ဟောင်းနွမ်း ဆွေးမြေ့နေတဲ့ စစ်ဆေးရုံထဲက တိုက်အိမ်တလုံးမှာ စုနေကြရတယ်။ စာမေးပွဲပြီးကြတာက သြဂုတ်လ၊ အလုပ်သင် ဝင်ရတာလဲ မကြာဘူး၊ ဆောင်းတွင်း ရောက်တာနဲ့ စတယ်။ မေမြို့က အေးလိုက်တာလဲ မပြောပါနဲ့။ ကိုယ်က မုံရွာ၊ မန္တလေးမှာ နေလာသူဆိုတော့ မေမြို့ဆောင်းကို ကြောက်တယ်၊ ရေတထပ်ချိုးဘို့ ဆိုတာ စွန့်စားခန်းဘဲ။ ဆရာဝန် စစ်ဗိုလ်တွေ အဲဒီမှာ ဘယ်လိုနေနိုင်ကြလဲ မသိဘူး။ အော့့် နောက်မှသိတယ်၊ သူတို့ကတော့ ရေနွေးရမှာကိုး။ အရပ်သား အလုပ်သင်ဆရာဝန်လေးတွေလောက် စစ်ဗိုလ်တွေက ရေးအေးနဲ့ချိုးရဲတဲ့ သတ္တိမှ မရှိကြတာဘဲ။

နောက် အနှစ် ၂ဝ လောက်ကြာရင် မေမြို့ထက် ပိုအေးလှတဲ့ ချင်းတောင်တန်းကြီးကို ဒီဇင်ဘာလထဲ (၅) ညနဲ့ (၆) ရက်တိတိ၊ ခြေလျင်ဖြတ်ပြီးသကာလ၊ တိုင်းပြည်ကနေ ထွက်ခွါရလိမ့်မယ်လို့ မတွေးမိခဲ့ပါ။

Dr. တင့်ဆွေ

No comments: