Monday, November 11, 2013

Rural Doctor တောသားဆရာဝန်

ကျွန်တော်မွေးတာက မင်းရွာ၊ ကျွန်တော့် အမေရဲ့ရွာက မင်းတိုင်ပင်၊ ကျွန်တော့်ဘဝက “မင်းပြေး” မင်းဘေးသင့်ထားလို့။

မင်းရွာက ရွာသေးသေးလေးပါ။ အဲဒီတုံးက အိမ်ခြေ (၈ဝ) လောက်ပဲရှိမယ်။ တောင်ယမားလို့ခေါ်တဲ့ မိုးရာသီ မိုးသည်းမှ ရေရှိတဲ့ သဲချောင်းကမ်းမှာရှိတယ်။ ချောင်းဘေး၊ မြေနိမ့်လို့ ရွာထဲမှာ သုံးတောင်၊ ငါးပေ လောက်တူးရင် ရေထွက်ပြီ။ ရေကလဲ ကောင်းလိုက်တာမှ။ အေးလို့၊ ကြည်လို့။ အိမ်တိုင်းမှာ ခြံရှေ့နား တတွင်း၊ သစ်ပင်ရေလောင်းဘို့ ခြံနောက်မှာ တတွင်း၊ ရေတွင်း နှစ်တွင်းတော့ ရှိကြတာချည်းဘဲ။

အဲလို ရေကောင်းလွန်း၊ ရေပေါလွန်းလှတဲ့ မင်းရွာသားတယောက် နောင် အနှစ်အစိတ်လောက် ကြာတော့ "ငါန်းဇွန်သား လမ်းဆိုးမတွေ့၊ မြို့သာသား ရေဆိုးမတွေ့" ဆိုတဲ့အရပ်မှာ (၆) နှစ် တာဝန်ကျတယ်။ မြို့သာဆိုတာ ရေ အင်မတန် မကောင်းတာကလား၊ မိုးရေကို နှစ်ပါတ်လည် အသုံးခံအောင် လူတရပ်-တဖေါင် နက်တဲ့ ကွန်ကရစ်ကန်နဲ့ စုဆောင်း သိုလှောင်ပြီး သုံးရတာ၊ ခေါင်းလျှော်ချင်ရင် မိုးရေလေး တပုံးဆွဲသွားမှဖြစ်တာ။ ဘာပဲဖြစ်ဖြစ် မြို့သာကို ကျွန်တော် အတော်ချစ်ပါတယ်။ (အခု မြို့သာ အရင်လိုမဟုတ်တော့ဘူးလို့ ဝမ်းသာစရာ သတင်းစကား မြို့သာသားတွေက ပါးကြတယ်။) မြို့သာအကြောင်း မမေ့စရာတွေ တပုံကြီး၊ ကျွန်တော် တောဆရာဝန်၊ “ဂျန်ဂယ်လ်-ဒေါက်တာ” ဖြစ်စေခဲ့တာ မြို့သာ၊ ကလေးအငယ်ဆုံး နှစ်ယောက် ဖွါးမြင်ခဲ့တာ မြို့သာမို့ ရေသာမကောင်းပေမဲ့ အမှတ်ရစေဘို့ရာ "ရေစက်" ဖြစ်ပါတယ်။

မင်းရွာက ပုလဲမြို့နယ် တောင်ဘက် အစွန်ဆုံးရွာ။ သူ့တောင်ဘက်က ကျောက်တောင်ရွာက မြိုင်နယ်ထဲ ရောက်သွားပြီ။ တိုင်းကလဲ မကွေးတိုင်း ဖြစ်သွားရော။ ပုလဲက စစ်ကိုင်းတိုင်း။ အဲလို မြို့နယ်ရော၊ တိုင်းရော ခြားနေတဲ့နေရာမှာ မွေးခဲ့ရတဲ့ ကျေးဇူးကို နောင်အနှစ် ၄ဝ-၅ဝ ကျမှ သိလာရတာရှိတယ်။ နိုင်ငံရေးသမား ဝရမ်းပြေး ပုန်းရတုံးက နယ်ကျော်ပြီး ဟိုကူး၊ ဒီပြောင်း လုပ်နေရင်း ပုလိပ် မျက်စိလည်စေခဲ့တယ်။ ရဲတပ်ဖွဲ့တွေ မြို့နယ်အမိန့်၊ တိုင်းအမိန့် တောင်းရ၊ တင်ရတော့ သူတို့ခမျာ အလုပ်များတာပေါ့။ ပြေးရပုန်းရတဲ့ လူအဖို့တော့ နဲနဲချောင်တယ်။ သူတို့တတွေလဲ ကျွန်တော့်လူနာတွေမို့ သူတို့စေတနာနဲ့ ကိုယ်အဖမ်းမခံတာလား စဉ်းစားမိသေးတယ်။

ပုန်းရ-ပြေးရတာ ၁၉၉ဝ နိုဝင်ဘာမှာပါ။ မေလ မကုန်ခင်လေးက ရွေးကောက်ပွဲနိုင်ခဲ့တယ်။ အဲဒါ ဝရမ်းပြေးဖြစ်ဘို့ ဖန်လာတာဘဲ။ နောင် (၁ဝ) နှစ်ကြာတော့ (အိုင်ပီယူ) ခေါ်တဲ့ နိုင်ငံတကာ လွှတ်တော်အမတ်များ သမဂ္ဂအစည်းအဝေး၊ ဂျော်ဒန်နိုင်ငံ အာမန်မြို့တော်ကို သွားပြီး ဗမာပြည်ကအမတ်တွေ ခံနေကြရတဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို အစစ်ခံထွက်ဆိုရတုံးက “Being elected should not be a Crime ရွေးကောက်ခံရခြင်းသည် ရာဇဝတ်မှု မဖြစ်သင့်” ဆိုတဲ့ ခေါင်းစည်းစာတမ်း ရိုက်သွားပြီး (လော်ဘီ) လုပ်ခဲ့ရတယ်။

အမေ့ရွာ မင်းတိုင်ပင် ဆိုတာ ကင်းဝန်မင်းကြီးရဲ့ရွာပါ။ အမေက ဦးကောင်းရဲ့ မြေးတော်တယ်။ အရင်က “မုံတိုင်ပင်” လို့ ရာဇဝင်-သမိုင်း စာအုပ်ဟောင်းတွေမှာ ရေးတယ်။ ငယ်ငယ်ကတည်းက ကင်းဝန် ရဲ့အမျိုးဆိုတာကို နဲနဲကြွားဘူးခဲ့တယ်။ ကိုးတန်း-ဆယ်တန်း ကဗျာလေး-စာလေး ရေးတုံးက ကင်းဝန်နွယ် ဘာ-ညာ ဆိုပြီး ကလောင် နာမယ်ခံယူခဲ့ဘူးတယ်။ ကိုယ်တိုင်က ပန်းချီဆွဲပြီး၊ မြန်မာစာဆရာ ဘုတလင်ချစ်လေးက ကြီးကြပ်ပေးတဲ့ “ပုလဲသွယ်” နံရံကပ် စာစောင်မှာ အဲဒီနာမည်နဲ့ တခါတလေ ပါဘူးတယ်။ ဆရာ့ကိုရော၊ သူငယ်ချင်းတွေပါ အမှတ်ရလို့ ကျွန်တော့် နိုင်ငံရေး (ဘလော့ခ်) ကို “ပုလဲသွယ်” လို့ နာမည်ပေးလိုက်တယ်။

နောင် နှစ် (၄ဝ) ကျော်တော့ ကယားလူမျိုး နိုင်ငံရေးမိတ်ဆွေတွေက အသိအမှတ် ပြုတာကိုတော့ ကျေနပ် ဝမ်းမြောက်တာ အမှန်ပါ။ ကယားပြည်ကို သီးခြားပြည်တခုအဖြစ် သီပေါမင်းကိုယ်စား လက်မှတ်ထိုး ထုတ်ပြန်ခဲ့တာ ကင်းဝန်မင်းကြီး ဦးကောင်းလို့ ကယား-ကယန်းတွေက သူများတွေထက် သိကြတယ်။ ကင်းဝန်မင်းကြီးကို အဲလို အမြင်ရှိသူတွေ အကဲဖြတ်တာကိုရော၊ “ဦးကောင်းလိမ်ထုတ်” ဆိုတာရော၊ နှစ်ခုလုံးကို သူ့အမျိုးတွေက အမွေခံရမှာပါ။ ကင်းဝန်မင်းကြီးနဲ့ ပတ်သက်ရင် ဆရာမြသန်းတင့်ရဲ့ “တောင်သမန်အင်းက လေညှင်းဆော်တော့” ထဲမှာ ရေးသားချက်ကိုတော့ မြန်မာ့စွယ်စုံကျမ်းထက် နှစ်သက်ပါတယ်။

ဦးကောင်းမွေးနေ့ နှစ် (၁၄ဝ) တုံးက ဦးလေးတယောက်ရဲ့ အစီအစဉ်နဲ့ မင်းတိုင်ပင်မှာ ပွဲတခုလုပ်ခဲ့ဘူးတယ်။ အဲဒီတုံးက ကျွန်တော်က ဆေးကျောင်းသားပဲ ရှိသေးတာ။

Dr. တင့်ဆွေ

2 comments:

စံပယ်ပန်း said...

ဆရာရေ

ဆက်ရေးပါဗျ..။ ကျွန်တော်က မင်းတိုင်ပင်ကဆိုတော့ ဆရာရေးတာတွေ စိတ်ဝင်စားတယ်..။

မြို့သာသား said...

ဆရာရေ မြို့သာသားတွေကလည်း ဆရာ့ကိုသတိရနေကြပါတယ် အရင်လောက်တော့ ရေမရှားတော့ပါဘူး မြို့သာဆည်ကရေကို သုံးနေရပါတယ် ကျွှန်တော့်မိဘတွေပြောပြလို့ ဆရာ့အကြောင်းကိုသိရတာပါ မြို့သာနဲ့ပတ်သက်တာလေးတွေရေးပါဦးဆရာ အားပေးနေပါတယ်