Thursday, November 7, 2013

MBBS means အမ်ဘီဘီအက်စ် ဆိုတာ

ဆရာဝန်ဖြစ်ကာစမှာ ကိုယ့်အရင် ဖြစ်ထားပြီးတဲ့ ဆရာဝန်တွေဟာ လက်တွေ့နယ်က ဆရာတွေဘဲ။ ဆေးလောကမှာ စီနီယာတွေက နောက်လူတွေကို ဆေးကျောင်းမှာကတည်းက ဖေးမ-ကူညီတဲ့ အစဉ်အလာရှိပြီးသား။ ဆေးစာအုပ်ဆိုတာတွေက အတော် ဈေးကြီး၊ အတော်လဲ ရှားတယ်။ ဒါ့ကြောင့် တနှစ်ပြီးသွားရင် နောက်တက်လာမဲ့ ကျောင်းသားတွေကို စာအုပ်တွေ ငှားတာဖြစ်ဖြစ်၊ ရောင်းတာဖြစ်ဖြစ် ပေးတာဖြစ်ဖြစ် လက်ဆင့် ကမ်းကြရတယ်။ ဆိုရှယ်လစ်ခေတ်မှာ ပညာတွင်း နက်တာပေါ့ဗျာ။

ဆရာဝန် ဖြစ်စတွေအဖို့ ဆရာ့ဆရာတွေရဲ့ကျေးဇူးကြီးပါတယ်။ ကျောင်းမှာတုံးက လက်တွေ့ဆိုပေမဲ့ လက်နဲ့ တွေ့ယုံသာ ရှိခဲ့တာ။ ရှေ့နေပျိုမှ-သမားအိုမှလို့ ဆိုတော့ အိုတယ်ဆိုတာက အတွေ့အကြုံ ရင့်ကျက်တာကို ညွှန်းတာဖြစ်မှာပေါ့။ ရင့်ကျက်လေလေ တည်ငြိမ်လေလေ။ အတွေ့အကြုံ များလေလေ အမှားနည်းလေလေ။ ကြွမ်းကျင်ရာ လိမ်မာဆိုတာ လေ့ကျင့်မှုတွေ များလာမှ ဖြစ်နိုင်တာမျိုး။ အတုယူစရာတွေဆိုတာ ယူတတ်လေ ရလေပါဘဲ။

တရားရုံးမှာ မှုခင်းဆေးပညာ အစစ်ခံရတာမှာ ဆရာဝန်ပေါက်စဆိုရင် ကိုရွှေရှေ့နေတချို့က ပညာပြချင်တတ်တယ်။ ဒါမျိုး ဘယ်လိုရင်ဆိုင်မလဲ ကိုယ့်ဆရာတွေက သင်ပေးပါတယ်။ ပြဿနာက ကြီးတာတော့ မဟုတ်ပါဘူး။ အဲဒီခေတ်က တရားသူကြီးဆိုတာ ဥပဒေပညာ မတတ်မှ ဖြစ်တဲ့ခေတ်။ သူတို့က ဘယ်နားလည်ပါ့မလဲ။

“ပညာတွင်းနက်တယ်” ဆိုတဲ့စကားကို ဆရာဝန်ဖြစ်ပြီးနောက် ပြန်ကြားရတာရှိတယ်။ ကျန်းမာရေးလုပ်သားတို့ အရံသားဖွါးဆရာမတို့ မွေးထုတ်ရတဲ့ကာလတုံးက မှတ်မှတ်သားသား စကားရဘူးခဲ့တယ်။ စာရေးတတ်၊ ဖတ်တတ်သူတွေကို ကျန်းမာရေး လုပ်သားအဖြစ် ၂၁ ရက် သင်တန်းတွေပေးရတယ်။ မိန်းကလေးတွေ လေးတန်း အောင်ရင် အရံသားဖွါး တလသင်တန်းပေးတယ်။ စီမံကိန်းအလုပ်တွေပေါ့။ တချို့တော်ကြပါတယ်။ သူ့အရပ်နဲ့ သူ့ဇာတ် ကိုက်အောင် အကျိုးပြုနိုင်ကြတယ်။ တချို့လဲ ကိုယ့်သား သမီးလေးတွေ ဆေးကုတတ် လာပြီဆိုပြီး ဂုဏ်ယူကြတယ်။ ကျေးလက်ကျန်းမာရေးဌာနတခုစီ တာဝန်ယူရတဲ့ ကျန်းမာရေးမှူးလို ဖြစ်လာပြီလို့ ထင်ကြသူတွေလဲရှိတယ်။ တချို့ကြ ကိုယ့်သားလေး ဆရာဝန်ဖြစ်သွားပြီလိုလို မှတ်ကြတယ်။

ဆရာဝန်ဆိုတာ ၇ နှစ်တောင် သင်ရတယ်ဆိုတာသိတော့ “ဆရာတို့က ပညာပါရမီ တယ်နည်းတာကိုး၊ ကျမသားက ၂၁ ရက်နဲ့ ဆရာဝန်ဖြစ်တာ့” တဲ့။

အစိုးရခန့် ဆရာဝန်ဆိုတာ မြို့နယ်တခုမှာ ၂ ယောက်ထက် ပိုမရှိဘူး။ နယ်ကံကောင်းရင် တိုက်နယ်ဆေးရုံကို လူတွေက ကိုယ်ဖါသာကိုယ် ဆောက်ပြီး ဖွင့်နိုင်လို့၊ တိုက်နယ်ဆရာဝန်ပါ ပေါင်းရင် ၃ ယောက်အထိရှိနိုင်တယ်။ လူဦးရေက တသိန်း မအောက်ဘူး၊ ကျွန်တော်တို့ ဆေးကျောင်းမတက်ခင်က လူဦးရေ တသောင်းမှာ ဆရာဝန်တယောက်။ ဆရာဝန်ဖြစ်ချိန်ဆို ငါးထောင်ကို ဆရာဝန်တယောက် ရှိလာမယ်လို့ စီမံကိန်းလုပ်ထားတာ ဖတ်ရဘူးတယ်။ ဘာမဆို စီမံကိန်းခေတ်ကိုး။ နောက် ပြန်ကြည့်တဲ့အခါ မွေးထုတ်နိုင်တဲ့ ဆရာဝန်ဦးရေ၊ အင်ဂျင်နီယာဦးရေက မှန်းချက်နဲ့ ကိုက်သလောက်ဘဲ။ မကိုက်တာက မွေးထုတ်လိုက်တဲ့ ပညာတတ်ပြီးသားတွေကို အလုပ်ပေးဘို့ ဆေးရုံ၊ ဆေးဝါး၊ တခြားလိုအပ်တာတွေနဲ့အညီ ဖြည့်ဆီးဘို့လိုတဲ့ တိုးတက်လာရမဲ့ စီးပွါးရေးက နီးနီးစပ်စပ်တောင် မအောင်မြင်ဘူး။ အင်ဂျင်နီယာတွေလဲ ဘာထူးမလဲ။ ရရာအလုပ် ရှာကြရတော့တယ်။

တခါတော့ မြို့သာမှာတုံးက နယ်ကိုခရီးထွက်တဲ့အခါ ကိုယ်မွေးထုတ်ထားတဲ့ ကျန်းမာရေးလုပ်သား တယောက်အိမ်ကို ရောက်သွားတယ်။ ဒီကောင်က လူပေါင်းဆန့်တယ်၊ ဆက်ဆံရေးလဲ ကောင်းတယ်။ အောင်မြင်တဲ့ ကျန်းမာရေးလုပ်သား တယောက်ပေါ့။ သူ့အမေကပြောတယ်၊ “ဆရာရယ် ကျမသား မောင်မြင့်ဌေးက မတတ်တာလဲ မရှိဘူး၊ တတ်တာလဲ မရှိဘူး ဆရာရဲ့။”တဲ့။

ကျွန်တော့်တို့လို တောနယ်တွေမှာဘဲ တောက်လျောက် တာဝန်ကျခဲ့ရသူတွေ ဘွဲ့လွန် မတက်ရပါ။ ဒါ့ကြာင့် ဘာအတူးကုလဲ မေးရင် အကုန်လုံးကုတယ်လို့သာ ဖြေနိုင်တယ်။ အမှန်ဘဲလေ၊ တောတွေမှာ ဘာမဆို အကုန် မလုပ်လို့ကို မဖြစ်ဘူး၊ ခေါင်းကအစ ခြေထောက်အဆုံး၊ မျက်စိရော၊ အရိုးရော၊ သားဖွါး-မီးယပ်ရော၊ ကလေးရော အကုန်လုံးကို တာဝန်ယူရတာ။ မဟုတ်ရင် ကိုယ်က အထူးကုဆေးရုံ လွှတ်တာတောင် လူနာတွေ အများစုကြီးက သွားဘို့ငွေမရှိ၊ သွားစရာ လမ်းမပေါက်၊ ကံနဲ့ ဆရာ့ကိုသာ အားကိုးရရှာကြတာ။ ဒီတော့ ကိုယ့်တာဝန် ပုံကျရော။ ကိုယ်ဆိုတဲ့ တောဆရာဝန်ကလဲ လက်နက် တန်းဆာပလာသာ မရှိတာ၊ မဖြစ်ဖြစ်အောင် လုပ်ပေးရတာ များတယ်။

ဓါတ်မှန်မရှိ၊ ဓါတ်ခွဲခန်းမရှိ၊ အာလ်ထွာဆောင်းဆိုတာ ပေါ်တောင်မပေါ်သေး။ ဓါတ်မှန်၊ ဓါတ်ခွဲခန်း၊ အာလ်ထွာဆောင်းတွေ မရှိပေမဲ့ ရောဂါတွေကတော့ ရှိတယ်။ ရှိတဲ့ပစ္စည်းနဲ့ ဖြစ်အောင်လုပ်တဲ့ပညာကို ဆေးကျောင်းမှာ မသင်ရဘူး။ ကြာတော့ တောဆရာဝန်တွေ “ဂျင်နရယ်လစ်” တွေ ဖြစ်လာကြတယ်။ ဒီတော့ မတတ်တာလဲမရှိ-တတ်တာလဲမရှိအစား ဖြစ်သွားကြရော။

အမ်ဘီဘီအက်စ် ဆိုတာ အဲဒီအဆင့်လောက်ပါ။

Dr. တင့်ဆွေ

No comments: