Monday, November 11, 2013

Medical Science and Arts ဆေးသိပ္ပံ နှင့် ဝိဇ္ဇာပညာ

ဆေးကျောင်းသားဘဝကို ပြန်ပြီးအောက်မေ့၊ ဆင်ခြင်လိုက်ရင် တခြားကောလိပ်-တက္ကသိုလ် ကျောင်းသားဘဝတွေနဲ့ အတော်များများ အတူတူပါဘဲ။ ဆေးကျောင်းဖြစ်လို့ ဝိဇ္ဇာဘာသာရပ်နဲ့ ခပ်ဝေးဝေး ဖြစ်တာတော့ အမှန်ဘဲ၊ ဒါပေမဲ့ အဝေးကြီး မဟုတ်ဘူး။ ဝိဇ္ဇာပညာ၊ အနုပညာ၊ စာပေ-ယဉ်ကျေးမှု ဆိုတာတွေကို ဆယ်တန်းအမှတ်ကနေ အဝေးကြီး ပို့မပြစ်နိုင်ဘူး။

၁၉၆ဝ ကျော် လျှပ်စစ်ဂီတာ ပေါ်စခေတ်မှာ ကောင်းကောင်း တီးခပ်နိုင်သူတွေ ဆေးကျောင်းမှာရှိတယ်။ အတန်းတူ ဆေးကျောင်းသား သူငယ်ချင်းတွေထဲမှာ အင်မတန်တော်တဲ့ ဂီတသမားတွေရှိတယ်။ တချို့ကြ မျိုးရိုးအရကို တော်တာ။ တခါက ကျောင်းပွဲလေးတခုမှာ နာမည်ကြီးပြီးသား အဆိုတော် (ဆရာမလဲ ဟုတ်တယ်)၊ သီချင်းဆိုတာကို သူငယ်ချင်းက မယ်ဒလင် တီးပေးရတယ်။ ဆိုပြီးတော့ သူငယ်ချင်းက ပြန်ပြောတယ်၊ “ဆရာမဆိုတာ စည်းတချက် လွဲတယ်ကွ”တဲ့။ တယောက်ရဲ့ ဖအေက တပြည်လုံးသိတဲ့ အလင်္ကာကျော်စွာဘွဲ့ရ သီချင်းရေးဆရာ။ သူ့သားက ပုလွေနဲ့ တယောသမား၊ ခွဲစိတ်အထူးကု ဆရာဝန်။

စတီရီယိုတေးတွေ စပေါ်လာတဲ့ သီချင်းခေတ်ထဲမှာ နာမည်ကြီးတယောက် ဆိုတာတွေကို ရေးခဲ့သူ သီချင်းရေးဆရာက ကျွန်တော်နဲ့ အဆောင်အတူ နေရစဉ်က တကုတင်ကျော်မှာ နေတယ်။ မန္တလေး၊ ဖါသာလဖုန်း အဆောင်မှာပါ။ အဲဒီတုံးက အမြဲလိုလို သူ့ကိုတွေ့နေရတာက ရှမ်းဘောင်းဘီဝတ်ပြီး၊ ပုလွေတချောင်းနဲ့ ဂီတာတလက်၊ ဂီတာက ဟောင်းနေပါပြီ။ သူ့ရဲ့အဆိုတော်က ဆုံးသွားရှာတာတောင် မကြာလှသေးဘူး။

မနက်တိုင်း ဆေးကျောင်းက နံရံကပ်သင်ပုန်းမှာ ကာတွန်းလက်ရာတခု နေ့စဉ်လိုလို အလကားဖတ်ရတယ်။ ကောင်းလိုက်တာ မပြောပါနဲ့တော့။ ကျွန်တော်ကိုယ်တိုင်က ပန်းချီသမား၊ အပျော်တန်းအဆင့်ပါ။ ၁၉၇၂-၇၃ ဆေးကျောင်းမဂ္ဂဇင်း စထုတ်တော့ မျက်နှာဖုံးဆွဲရဘူးတယ်။ ဒါတင်ဘယ်ကမလဲ သူငယ်ချင်းတွေက သူတို့ ရည်းစားပုံကို ပုံတူဆွဲအပ်ကြတယ်။ ကျောင်းသူတယောက်ပုံကို ကြိုက်နေတဲ့ သူငယ်ချင်းက ခိုင်းလို့ (အနာတမီ) လက်တွေ့ခန်းထဲ သူများတွေ (ဒိုင်ဆက်ရှင်) လုပ်နေတုံး ခိုးပြီး ပုံတူဆွဲပေးရဘူးသေးတာ။ သိသွားပါလေရော့။

ဝါသနာရှိလို့ အရင်က (ဝသ) လို့ခေါ်တဲ့ မန္တလေး-တက္ကသိုလ်ကို သွားသွားပြီး၊ စာပေဟောပြောပွဲတွေ နားထောင်ခဲ့တယ်။ ပါ-ချုပ် ဦးကျော်ရင်ကို မီလိုက်တယ်။ မန္တလေးမှာက စာပေဟောပြောပွဲတွေ အတော်ခေတ်စားခဲ့တာ။ ဆရာဦးဆန်းထွန်း ဟောတာကိုလဲ ခဏခဏ နားထောင်ဘူးတယ်။ ရုပဗေဒပါမောက္ခ ဦးကျော်မြင့် လဲပါတယ်။ သိပ္ပံလိုင်းဆိုတာ သီးခြား ကမ္ဘာထဲ ရောက်သွားတာ မဟုတ်ဘူးလို့ ဆိုလိုတာဘဲ။ ဆေးကျောင်းသား သူငယ်ချင်း အချင်းချင်း စာအုပ်ငှားဖတ်ရင် တက္ကသိုလ်ဘုန်းနိုင် စာအုပ်ဖြစ်တတ်တယ်။ ဇဝနရဲ့ ကောလိပ်ဂျင်ကြောင့် ဆေးကျောင်းမဟုတ်တဲ့ တခြား ကောလိပ်ကျောင်းတွေကို အထင်မသေးမိကြပါ။

မန္တလေး ဝိဇ္ဇာနဲ့သိပ္ပံက မြန်မာစာပါမောက္ခ ဆရာကြီးဦးချမ်းမြ (မြကေတု) ကျွန်တော်တို့ ဆေးကျောင်းလာပြီး ဟောတာ ပြောတာ ရှိတယ်။ ရကန်ကို သူကိုယ်တိုင်ဆိုပြတာ မှတ်မိနေတယ်။ လူထုဦးလှ၊ ဒေါ်အမာတို့လဲ လာဟောတယ်။ ပထမ (အမ်ဘီ) မှာ ဆေးကျောင်းသားတိုင်းကို လူ့ရှေ့စကားပြောတာ လုပ်ရတယ်။ အဲလို မြင်ဆရာ-သင်ဆရာတွေ ကျေးဇူးထင်ပါရဲ့ နောင် ကိုယ်တိုင် ကျန်းမာရေးဖြစ်ဖြစ် နိုင်ငံရေးဖြစ်ဖြစ် လူတွေကို ပြောဟော စည်းရုံးရတော့ ပိုအဆင်ပြေတယ်။ ဆရာဝန်လုပ်မဲ့သူတွေကို ဒီလိုအနုပညာနဲ့ မဝေးအောင်လုပ်ပေးဘို့ အသိရှိကြတဲ့ “ဆရာဝန်ဆရာ” တွေကို ကျေးဇူးတင်ဘို့ ကောင်းတယ်။

နောင်နှစ်တွေ အတော်ကြာရင် နှစ်ရှည်အကျဉ်းသားဖြစ်လာမဲ့ ပုဂ္ဂိုလ်နဲ့အတူ ပေါ်ထွန်းခဲ့ဘူးတဲ့ သတင်းစာတိုက်က “စနေစကားဝိုင်း” ကိုလဲ မီတယ်။ ဒေလီမှာ နိုင်ငံရေးလုပ်ဖေါ်ကိုင်ဖက်တွေနဲ့ “စနေသတင်းစကားဝိုင်း” ကို ဖန်တီးခဲ့တာက အဲဒီကမျိုးစေ့ပါ။ စနေနေ့ ညနေ (၃) နာရီတိုင်း ဝိုင်းပြီး စကားပြောကြတယ်။ အခုမရှိတော့ပါ။ Brain storming လို့ ခေါ်တာမျိုး၊ “ဦးနှောက်ဥာဏ်ပွါး-စကားဖလှယ်”လို့ ကျွန်တော် ဘာသာပြန် ကြည့်တယ်၊ တိုက်ရိုက် ပြန်တာမို့ သုံးလို့ သိပ်မတွင်ကျယ်ပါဘူး။

ဆရာဝန် စာရေးဆရာတွေကတော့ များသလား မမေးနဲ့။ သူတို့အကြောင်းကို သိတဲ့သူကနေ စာတပုဒ် သပ်သပ်ရေးမှ ဖြစ်မှာ။ အပြင်ရောက်လာတဲ့ သူငယ်ချင်း ဆရာဝန်ဆိုရင် ပွဲလမ်းရှိတိုင်း ကဗျာရွတ်တယ်။ သူစပ်တာတော့ မဟုတ်ဘူး။ ဆရာတင်မိုး ကဗျာမှန်သမျှ အလွတ်ရွတ်တဲ့လူ။ “ကဗျာ ပေါ်တာဆွဲတာ”လို့ သူကပဲ ပြောတယ်။ ခုတလော (ဝက်ဆိုက်) တွေပေါ်မှာ မဟာဂီတဆောင်းပါးတွေရေးနေသူတယောက်ကလဲ သူငယ်ချင်းဆရာဝန်ဘဲ။

ရှိသေးတယ်။ ဆေးကျောင်းမှာ သူငယ်ချင်းတယောက်က စောင်းတီး အတော်ကို တော်တာ။ ဗမာမဟုတ်ဘူး။ ရည်းစားပုံကို ကျွန်တော် ဆွဲပေးရသူတွေထဲက တယောက်ပေါ့။ နောင်နှစ်တွေကြာတော့ ပြည်ထောင်စုအရေးကို လုံးပမ်းမှုတွေ လုပ်တဲ့အထဲမှာ တိုင်းရင်းသားတဦးကနေ စာတပုဒ်ရေးဘူးတယ်။ သူညွှန်းတာက “တိုင်းရင်းသား သီချင်းတပုဒ်လောက်ကို ဗမာတယောက်က ပိုင်ပိုင်နိုင်နိုင်ဆိုပြရင်” ဆိုတာကို ဖတ်ရတော့၊ ကျွန်တော့်သူငယ်ချင်း စောင်းတီးကောင်းတဲ့ဆရာဝန်ကို သွားအမှတ်ရတယ်။

Dr. တင့်ဆွေ

No comments: