Sunday, November 10, 2013

Medical Student ဆေးကျောင်းသား

ကျွန်တော် ကျောင်းသားဘဝရောက်တာ (ဖဆပလ) ခေတ်မှာပါ။ ၄ တန်း၊ ၇ တန်း၊ ၉ တန်း၊ ၁ဝ တန်းတွေက အစိုးရစစ်လို့ ခေါ်တဲ့ တပြည်လုံး အတိုင်းအတာနဲ့ စာမေးပွဲစစ်တဲ့ စနစ်ဖြစ်တယ်။ အခုဆို အရင်လို မဟုတ်တော့ဘူး။ ၁ဝ တန်းကတော့ ခုလဲ မပြောင်းသေးဘဲ အစိုးရစစ် ဖြစ်ဆဲပါ။ ဒါတောင် ၁၂ တန်းစနစ် ပြောင်းတော့မလိုတော့ ကြားနေရတယ်။ အဲဒီတုံးက ၁ဝ တန်းအောင်စာရင်းက အောင်ချက် ၁၄% မကျော်ဘူး။ ဘွဲ့ရဆိုတာ အတော်ကို နည်းသေးတယ်။ ဆယ်တန်းကို တက္ကသိုလ်ဝင်တန်း ခေါ်ပြီး၊ ကိုးတန်းကို ဟိုက်စကူးလ်ဖိုင်နယ် လို့ခေါ်ကြတယ်။ သူငယ်ချင်းတယောက်က ကျွန်တော်တို့ ရှစ်တန်း ရောက်တော့ "ဒု-အကြို-တက္ကသိုလ်ဝင်တန်း" လို့ ခေါ်လိုက်တယ်။ အတော်ကြံကြံဖန်ဖန်ပြောတတ်တဲ့ကောင်။

ရှေးစကားတွေ ပြောရအုံးမယ်။ အဲဒီအချိန်က ကောလိပ်ရောက်ရင် ပဌမ နှစ်နှစ်ကို (အင်တာ)၊ (အင်တာ-မီဒီရိတ်) လို့ ခေါ်တယ်။ (အင်တာ-အေ)၊ (အင်တာ-ဘီ)။ (ဘီအေ) အတွက်က (အိုင်အေ)၊ (ဘီအက်စ်စီ) အတွက်က (အိုင်အက်စ်စီ)။ (အင်တာ) လောက်အောင်ရင်ဘဲ အတော်ဟုတ်လှပြီ။ (ဘီအေ) ဆိုရင် မြို့အုပ်လောက် ဖြစ်မယ်။ (ဘီအက်စ်စီ) က အရှားသား။ အဲဒီအရွယ်တုံးက အရေးပိုင်၊ ဝန်ထောက်ဆိုတာ တခုခု ဖြစ်နိုင်မယ်လို့ ကိုယ့်ကိုယ်ကို ထင်ခဲ့တယ်။ အဲလို မှန်းခဲ့မိတာက “အရွယ်နဲ့ ခေတ်အခြေအနေတွေဟာ လူတွေ ဖြစ်ချင်တာကို လွှမ်းမိုးနိုင်လို့ဘဲ”။

ဆရာဝန်ဖြစ်ဘို့ဆိုတာ အိပ်မက်တောင် မမက်ပါဘူး။ တော်လှန်ရေးကောင်စီနောက် “မဆလ” လို့ အတိုကောက်ခေါ်တဲ့ ခေတ်မှာလဲ ဘာမဆို ခိုင်ခိုင်မာမာ လုပ်ရမှာမျိုးကို ခဏခဏ ပြောင်းခဲ့တယ်။ ဓါတ်ခွဲခမ်းထဲက (ဂီနီပစ်) တွေလို ခံရတဲ့လူတွေ အများကြီးထဲမှာ ကျွန်တော်ကိုယ်တိုင် ရင်ဆိုင်ခဲ့ရတာကတော့ ပညာရေးနဲ့ ကျန်းမာရေးကိစ္စတွေပါ။

ဆေးကျောင်းဆိုတာက ရန်ကုန်မှာ တခုတည်းကနေ မန္ကလေး ဖွင့်လာတာ ကျွန်တော်တို့ ရှေ့တင်ဆိုပါတော့။ အဲဒီတုံးက ဆရာတွေဟာ အိန္ဒိယသွေးက များသေးတယ်။ (အင်တာ) နှစ်နှစ်မှာ (မိန်း) လို့လူအများခေါ်တဲ့ မန္ကလေးတက္ကသိုလ်မှာ တက်ကြရတယ်။ ဘာသာက (ဘိုင်အို) ယူရတယ်။ "ဘိုင်အို-ထိုင်ငို"လို့ လူသိများတဲ့ခေတ်ပေါ့။ (အင်တာ) အောင်တာနဲ့ ဆေးကျောင်းကို တက်နိုင်တယ်-မတက်နိုင်ဘူးဖြစ်တယ်။ သိပ်မကြာခဲ့ဘဲ၊ တော်လှန်ရေးကောင်စီခေတ်မှာ အပြောင်းအလဲတွေ လုပ်လိုက်တာ ၁ဝ တန်းအောင်ချိန် ဆုံးဖြတ်တာမျိုး ဖြစ်လာတယ်။ ဝိဇ္ဇာ-သိပ္ပံဆိုတာ ဖြစ်လာတယ်။ ကျွန်တော်တို့ ဆေးကျောင်းကို တန်းတက်ရချိန်မှာ (မိန်း) ကနေ (ဝသ) ခေါ်တဲ့ မန္ကလေး ဝိဇ္ဇာနဲ့သိပ္ပံတက္ကသိုလ် ဆိုပြီး၊ ဆိုင်းဘုတ်ပြောင်းလိုက်တယ်။

ကံတရားလို့ပြောတာကို ယုံကြည်တယ်။ ဗုဒ္ဓဘာသာတရားအရ ဆိုတာတင်မကဘူး၊ လက်တွေ့ဘဝအရပါ ယုံတာပါ။ အထက်တန်းကျောင်းသားဘဝ ဖြစ်ခဲ့တာတခုက အဲလိုသာ မဟုတ်ခဲ့ရင် ကျွန်တော့်ဘဝလဲ အခုလို ဟုတ်ချင်မှဟုတ်မှာ။ ကျွန်တော် (၉) တန်းရောက်တော့ အသက်က (၁၅) နှစ် မပြည့်ဘူးတဲ့။ အဲဒါ စာမေးပွဲ မဖြေရဘူး။ တရားရုံးသွားပြီး “အသက်ပြည့်ပါတယ်” ကြမ်းကျိန်စာနဲ့၊ ဇာတာအကောင်းစားနဲ့ တင်တာလဲမရဘူး။ ဒါနဲ့ (၉) တန်းကို မကျဘဲ နှစ်ခါ နေခဲ့ရရော။

ကိုးတန်းဖြေမဲ့ ကျောင်းသားတွေကို စစ်ဗိုလ်စုဆောင်းရေးလုပ်တယ်။ (ဒီအက်စ်အေ) ဝင်လျှောက်တော့ မုံရွာမှာရေးဖြေ အောင်တဲ့သူတွက ရန်ကုန်မှာ ဗိုလ်ရွေးအဖွဲ့ သွားဖြေရတယ်။ အဲဒီမှာလဲ ရေးဖြေ၊ ကာယလုပ်၊ စိတ်ပိုင်းဖြေ၊ မြေပုံဖတ်၊ ဆေးစစ်တာတွေ အကုန်အောင်ပြီး နောက်ဆုံး မစစ်တာက ကျလို့ စစ်ထဲ မရောက်ရဘူး။ ဆရာဝန်ဖြစ်ဘို့ ကံကဖန်လာတာဘဲ။

ဆေးပညာက သိပ္ပံဘာသာရပ်မို့ သိပ္ပံဘာသာတွဲယူမှ အဆင်ပြေတာမျိုး။ ခက်တာက အဲဒီတုံးက တပြည်လုံးမှာ သိပ္ပံသင်ပေးနိုင်တဲ့ ကျောင်းက သိပ်မရှိသေးဘူး။ ၁ဝ တန်းရောက်တဲ့နှစ်မှာ ကိုယ်နေတဲ့ကျောင်းကို သိပ္ပံသင်ပေးနိုင်တဲ့ ဆရာ ၂ ယောက် ရောက်လာအောင် ကံတရားက ဖန်တီးပေးလိုက်တယ်။ ဆရာတွေရောက်မှ ရူပဗေဒ၊ ဓါတုဗေဒနဲ့ သင်္ချာကို တနှစ်ထဲနဲ့ သုံးနှစ်စာ သင်ယူရတယ်။ အဲဒီခေတ်က နောင်ခေတ်နဲ့ ကွာတာက သိပ္ပံဘာသာတွေ အားလုံး အင်္ဂလိပ်လို သင်ရတာ။ အာဏာသိမ်း အစိုးရ တက်ထာတာ နှစ်နှစ် သုံးနှစ်ရှိသေးတယ်၊ စာသင်လို့နှစ်တဝက် မရှိခင် မြန်မာစာက လွဲရင် အင်္ဂလိပ်လို မသင်ရ လို့ ညွှန်ကြားတယ်။ သင်္ချာကလွဲရင် ဗမာလို ပြောင်းသင်ရ ပြန်ရော။ နိုင်ငံတကာ ဘာသာစကား အားမပေးတော့တာ၊ တလွဲဆံပင်ကောင်းခဲ့လို့။ စာမေးပွဲဖြေရင်လဲ ဗမာ-အင်္ဂလိပ် ကပြားဖြေနိုင်တယ်။ “အရည်အချင်းတွေ ရေရောတာမျိုး” စခဲ့တာ အဲဒီကတည်းက။

အစိုးရသစ်က စီမံကိန်းတွေဆွဲတော့ တနှစ်ကို ဆရာဝန် ၅ဝဝ ထုတ်ရမှာတဲ့၊ သိပ္ပံမသင်ဘူးသူတွေပါ ခေါ်မှ ငါးရာက ပြည့်မှာကိုး။ ဘာခက်လဲ လူကြံရင် ဘာခံနိုင်မလဲ။ တီထွင်ရတာပေါ့။ အဲဒီ စမ်းသပ်မှုကို ကျွန်တော် လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။

ဆယ်တန်းအောင် အမှတ်တွေကို စုစုပေါင်းနဲ့စဉ်လိုက်ရင် သိပ္ပံသမားတွေက တပမ်းသာတယ်။ ဝိဇ္ဇာဆရာ-ဆရာမတွေက အတော် အမှတ်ပေး နှမြောကြ မဟုတ်လား။ အခုထိဘဲဗျ။ ဒါ့ကြောင့် အမှတ်စုစုပေါင်း တခုတည်းနဲ့ မဆုံးဖြတ်ဘဲ၊ ILA (Intelligent level + Aggregate) စနစ်ကို ထွင်လိုက်တာဘဲ။ ဆိုလိုတာက ဘာသာရပ်တိုင်းကို ဂရိတ် ဆယ်မှတ်စီနဲ့ ပြောင်းတယ်။ အမှတ် ၃ဝ ကနေ ၄ဝ ကို ဂရိတ် ဘယ်လောက်၊ ၄ဝ ကနေ ၅ဝ ဆိုဘယ်လောက်၊ စသဖြင့် တွက်တာမျိုး။ ဝိဇ္ဇာသမားတွေ မနာအောင် လုပ်တာပါဘဲ။ မြန်မာစာဆိုပါတော့ ၅ဝ ကနေ ၆ဝ ဆို ဂရိတ် ကောင်းပြီ။ ဂရိတ်စုစုပေါင်းတာ တူနေရင် အမှတ်ပေါင်း အနည်းအများနဲ့ အဆင့်စီတယ်။ ကျွန်တော် ဘယ်လောက် ကံကောင်းလဲ ဆိုတော့ မြန်မာစာကို ၆၁ မှတ်ရလိုက်တာ ဂရိတ် ကောင်းသလား မမေးနဲ့။ မြန်မာစာကြောင့် ဆေးကျောင်းရောက်ရတာလို့တောင် ပြောရမလားဘဲ။

ဆယ်တန်းဂေဇက်ထွက်ပြီး ပညာရေးစနစ်က အခြေမကျသေးလို့ ချက်ချင်း ကောလိပ်ဆက်မတက်ကြရဘူး။ အလဲ-အပြောင်းတွေပေါ့။ “လဲတဲ့လူတွေ လဲပြီး၊ တက်လာသူတွေက ရှောက်ပြောင်းတာ”ကို ပြောချင်တာ။ ခုနစ်လ-ရှစ်လလောက် ကြာတယ်။ “လုပ်အားပေး” ဆိုတာ စခဲ့တဲ့ ခေတ်ပေါ့။ တပြည်လုံး မူလတန်းကျောင်းတွေကို ဆရာသွားလုပ်ရတာ။ နောင် ဆေးကျောင်းကို ရောက်ပြန်တော့လဲ တက္ကသိုလ် ကျောင်းသားတွေ ကျောင်း ပိတ်ရက်မှာ ကုန်သွယ်ရေး စာရင်းတွေ ဝင်လုပ်ရတဲ့ လုပ်အားပေးဆိုတာ လုပ်ရဘူးသေးတယ်။ “အဓမ္မလုပ်အားပေး” လို့ မခေါ်သေးပါဘူး။

တက္ကသိုလ်ဝင်ခွင့်စာအုပ် ပြာစိမ်းစိမ်းလေးတွေ တအုပ်စီရတယ်။ ဦးစားပေး (၃) မျိုး ရွေးနိုင်သတဲ့၊ အသက်မွေးဝမ်းကျောင်း နှစ်ခုနဲ့ (မေဂျာ) တခု ရေးတင်ရတာ။ (မေဂျာ) ကိုစတာလဲ အဲဒီခေတ်ပေါ့။ အသက်မွေးဝမ်းကျောင်းဆိုတာ ဆေး၊ သွား၊ စက်မှု၊ တိကု၊ စိုက်ပျိုးရေး၊ ဆိုတာတွေ။ ကျွန်တော့်အမှတ်က အကောင်းထဲပါနေတော့ ထိပ်ဆုံးက စ ကိုင်တာဘဲ။ ဆေးကို ပဌမဦးစားပေး၊ ဟုတ်ပြီ။ ဒုတိယ ဘာရွေးမလဲ။ အစဉ်အတိုင်းက ဆေးပြီးရင် စက်မှု၊ စက်မှုထဲက ဗိသုကာဆိုတာ အဲဒီအချိန်က ကျွန်တော် အကြိုက်ဆုံးဘဲ။ စိတ်ကူးလေးတွေ ပြောင်းလာပြန်တာ။ ကျွန်တော်က ပုံဆွဲဝါသနာပါတာမို့ ပုံတွေ၊ ဒီဇိုင်းတွေနဲ့ဆို ကိုက်မယ်ထင်တာကိုး။

အဲ့ ဒါပေမဲ့ ကျွန်တော့်မိဘတွေက ရန်ကုန်သွားပြီး ကျောင်းမထားနိုင်ခဲ့ပါ။ စိတ်မကောင်း တချက်မှမဖြစ်ပါဘူး။ ဆေးကျောင်းက မန္တလေးမှာလဲ ရှိတာဘဲ။ အဲတော့ မန္တလေးမှာဘဲရှိတဲ့ စိုက်ပျိုးရေးက ဒုတိယဦးစားပေး ရေးချလိုက်တယ်။ တတိယ မေဂျာကတော့ ဆယ်တန်းအောင်မှတ်ထဲက အများဆုံးရထားတဲ့ ဓါတုဗေဒ။

အဖြေထွက်တော့ မန္တလေးဆေး။

Dr. တင့်ဆွေ

1 comment:

ZENITH said...

Nice posts dr It cool.