Tuesday, November 12, 2013

Preventive and Curative Medicine ကာကွယ်ရေး နှင့် ကုသရေး

ဆေးပညာ စသင်ရကတည်းက ကြားကြားနေရ၊ အခုထိ ခိုးလိုးခုလုရှိတဲ့ ရေးချင်တာလေးက “ကုသရေးနဲ့ ကာကွယ်ရေး”။ သူများတွေတော့ မပြောတတ်ဘူး၊ နောက်ဆုံးနှစ် အပိုင်း (က) မှာ ကာကွယ်ရေးနှင့် လူမှုရေးဆေးပညာ သင်ရတော့ ကျွန်တော့် အဖို့တော့ အတော်ပျင်းရိခဲ့တဲ့ ဘာသာရပ်ပါ။ သင်ပေးတဲ့ ဆရာအပေါ်လဲ တည်နိုင်တယ်။ ဘာသာရပ်ရဲ့ ဆွဲဆောင်မှုလဲပါမယ် ထင်တာဘဲ။ သေခြာတာကတော့ အသင်ခံရတဲ့ မောင်ကျောင်းသားရဲ့ အခံကိုက အထုံနည်းတာ ဖြစ်မယ်ထင်ပါရဲ့။ နောက်ကြမှ “အော့့် ငါ့ကိုယ်ငါကြ အထုံဗီဇလွဲချပြီး၊ အာစရိယနွယ်ဝင် သင်ဆရာကိုတော့ အသင်အပြမကောင်းဘူးထင်ခဲ့မိတာ အပြစ်မလွတ်ပါလား” လို့ သဘောပေါက်မိပါတယ်။ “ကန်တော့ပါ ဆရာများခင်ဗျား။”

ကျောင်းပြီးသွားတော့ အသီးသီး အသကအသက နေရာဒေသအမျိုးမျိုး ရောက်ကုန်ကြရော။ ဆေးကုပေးရတဲ့ ဆေးရုံ ဆရာဝန်တို့၊ ရောဂါတိုက်ဖျက်ရေးလုပ်နေရတဲ့ စီမံကိန်း-ဆရာဝန်တို့၊ အုပ်ချုပ်ရေးဘက်ရောက်သွားတဲ့ ဆရာဝန်တို့၊ စသဖြင့် လိုင်းတွေကွဲပြားသွားရတော့တယ်။

အဲဒီခေတ်က ကိုယ်ဖြစ်ချင်၊ လုပ်ချင်တာကို လွတ်လွတ်လပ်လပ် ရွေးဘို့ဆိုတာ သာမန်ပြောရရင် မဖြစ်နိုင်ခဲ့ပါ။ အခုတော့ သိတဲ့အတိုင်းပါဘဲ။ အနည်းစုဆိုရင် ဆရာဝန်တောင်ဖြစ်ချင်တာမဟုတ်ဘဲ၊ ဆေးကျောင်းရောက်လာရတာရှိတယ်။ ကျောင်းပြီးပြန်တော့လဲ စာဆက်သင်ချင်သူတွေ-ဆက်သင်နိုင်သူတွေ ရှိသလို၊ မသင်ချင်-မသင်နိုင်သူတွေလဲ ရှိတာပေါ့။ ဘွဲ့လွန်တက်ချင်အုံးတော့ ဝါသနာအပထားလို့၊ ဘာဘွဲ့လွန်ရတောင်မှ လုပ်မရတာတွေ အများကြီးဘဲ။ တဗြစ်တောက်တောက် ဘယ်လောက်ပြောပြော၊ ဗမာပီပီ နောက်ဆုံးကြ ကံပေါ့ဗျာ။

(၇) နှစ်ပြီးလို့ အလုပ်လုပ်ရသူဆရာဝန်က ပိုများတယ်။ ဒီခါကြပြန်တော့ တမျိုး။ နယ်စွန်-နယ်ဖျားရောက်သွားရသူနဲ့ ဆေးရုံကြီးငယ်တွေ ရောက်သူနဲ့။ အကပ်-အယပ် မတော်သူများ၊ ကံတရားဘဲ မဟုတ်ပြန်ပါလား။ စွန့်စွန့်စားစားဆိုရမလား၊ ချီးမွမ်းရမလား၊ တိုင်တပါးရောက်သွားသူတွေကလည်း မနည်းပါ။ အနှစ်နှစ်ဆယ်လောက်မှာ ပြန်ကြည့်လိုက်တော့ အရောင်အသွေးစုံညီ၊ ဘဝကိုယ်စီနဲ့ပေါ့။ နဲနဲ ကဗျာဆန်သွားပြီ။

ဘယ်နေရာတွေ၊ ဘာတွေ၊ ဘယ်လို၊ အမျိုးစုံနေအောင် ကွဲပြားပေမဲ့ ချုပ်လိုက်ရင် နှစ်မျိုးထဲလို့ ပြောကြည့်မယ်။ “လူနာကို ဆေးကုနေရသူတွေနဲ့ တိုက်ရိုက်ဆေးမကုရသူတွေ”။ ဒါကလဲ အလုပ်အကိုင်နဲ့ ခွဲခြားတာမို့ ပြဿနာလုပ်စရာမရှိပါ။ ရေးချင်တာက အထင်-အမြင် မတူကြတာကိုပါ။ ဆေးကုနေသူတွေကို “ဆေးဘဲကုနေတယ်၊ ကာကွယ်ရေးမလုပ်ဘူး” ဆိုကြတယ်။ ယဉ်ယဉ်ကျေးကျေးကဲ့ရဲ့တာလို့ပြောရင် ပြောတဲ့လူက ရိုင်းရာကြမယ်။

ကျန်းမာရေးမှာ ကာကွယ်ရေးဆိုတာ အင်မတန်အရေးကြီးတာကို လက်ခံပါတယ်ဗျာ။ အကြွင်းမဲ့လို့တောင် သုံးလိုက် ချင်သေး။ ကျွန်တော်ပြောချင်နေတာက ကုသရေးနဲ့ ကာကွယ်ရေး ဘယ်ဟာက ပိုအရေးပါတယ်-မပါဘူး မဟုတ်ပါ။ ကုသရေးနဲ့ ကာကွယ်ရေး၊ လိုင်းတခုမှာ လုပ်နေတဲ့ ဆရာဝန်တယောက်ဟာ နောက်လိုင်းကို မလုပ်ဘဲမနေဘူး ဆိုတာပါ။

တနေ့ကဘဲ ဆရာဝန်တွေ စုရေးနေတဲ့ အင်တာနက်အုပ်စုမှ ဖတ်လိုက်ရတာရှိတယ်။ စပါယ်ရှယ်လစ်တွေ သူ့ စပါယ်ရှယ် မဟုတ်တဲ့ ရောဂါလူနာတွေကို ကုပေးတာကို ရေးတဲ့ဆရာက (အက်သစ်) ရှုဒေါင့်ကနေရေးတယ်။ “သိုးမဲ” လို့တောင် ခေါ်လိုက်သေး။ မျက်ခမ်းစပ်တိုက်ဖျက်ရေးဆရာဝန် တောဆင်းတော့ ဆရာကျမဗိုက်နာနေလို့ လို့ပြောလာရင်၊ ဆရာဝန် ဘာလုပ်မလဲ။ ဒီတော့ ယေဘုယျချလိုက်ရင် “ဆရာဝန်များ ဆေးကုကြသည်”။ ကျွန်တော် ဆက်ချင်တာက “ဆေးကုယင်းနဲ့ ပညာပေး-ကာကွယ်ရေးလဲလုပ်ကြသည်”။

တိုင်းပြည် အပြင်ရောက်နေတဲ့ ဆရာဝန်တွေအများကြီးရှိတယ်။ (ဖေါ်ဂွတ်) တော့ (ဖေါ်ဂွတ်) ဘဲ။ ကောင်းတာ မကောင်းတာက ကဏ္ဍတခု။ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် ရွေးချယ်ပြီး၊ ကောင်းမယ်ထင်လို့ထွက်လာရင် (ဖေါ်ဂွတ်) ဘဲပေါ့။ အဲဒီပုဂ္ဂိုလ်တွေအကြား ပြောကြတာက “ဆေးမကုတဲ့ ဆရာဝန်”၊ “ဆေးဘဲကုနေတဲ့ ဆရာဝန်”။

ဆေးမကုတဲ့ ဆရာဝန်ဆိုတာ ကျန်းမာရေးနဲ့မဆိုင်တဲ့ တခြားတာဝန်ကို ရွေးလိုက်ကြလို့ပါ။ ဆေးဘဲကုနေတဲ့ ဆရာဝန် ဆိုတာက ဆေးဘိုးဝါးခယူပြီး၊ ဆေးကုနေသူတွေကိုဆိုလိုတာ မဟုတ်ပြန်ပါ။ ထွက်လာစဉ်က ရည်ရွယ်ချက်အတိုင်း ဆရာဝန်အလုပ်မဟုတ်တာ (ဥပမာ နိုင်ငံရေး) လုပ်နေရင်းက ရသမျှအချိန်ကလေးမှာ ဆေးကုပေးနေရသူတွေကို ဆိုလိုတာပါ။ ဒီဆရာဝန်မျိုးတွေက ဆေးဘဲကုပေးနေတယ်၊ ပြည်သူ့ကျန်းမာရေးမလုပ်ဘူလို့ လက်ညှိုးထိုးခံရပါတယ်။

တတ်လဲတတ်လေတော့ အကိုးအကား၊ အညွှန်းတွေတောင် ထည့်ပြောသေးတယ်။ (အယ်လ်မာတာ) ကြေညာချက် ၁၉၈၇ ကနေ စပြောတယ်။ အခု ကဇာကစ္စတန်နိုင်ငံပေါ်လာတော့ (အယ်လ်မတီ) ဖြစ်သွားပြီနော်။ ပန်းသီးတို့ တိုင်းပြည်ဆိုဘဲ။ သိတော့သိတာပေါ့ဗျာ။ “အားလုံးကျန်းမာ သက္ကရာဇ် ၂ဝဝဝ မှာ” ဆိုတာကို အော်ခဲ့လုပ်ခဲ့ကြတာ ဆရာဝန်တိုင်း မဟုတ်ပါလား။ အခု ဘယ်ခုနှစ်ရောက်ပြီလဲဗျ။

ဆေးပညာကနေ ကျန်းမာရေးလို့ ခေါ်လိုက်တာနဲ့ နိုင်ငံရေးပါလာပြီ။ နိုင်ငံရေးဆိုတာက တခြားတော့မထင်ပါနဲ့၊ ကွန်မြူနတီ၊ တိုင်းပြည်၊ ကမ္ဘာ၊ စကြ်ာဝဠာ စသဖြင့် ကျယ်ပြန့်တဲ့ အတိုင်းအတာကို ထည့်တွက်ရ၊ လုပ်ရတာတို့၊ ဆေးပညာ သိသူတွေအပြင် တခြားနယ်ပယ်က ပုဂ္ဂိုလ်တွေပါ ပါလာရတာတယ်။ ဒီအခါမှာ “ဆရာဝန်များက ဆေးစကားထက်မက အများကြီးပိုပြောလာကြတယ်။ တချို့ကြ ဆေးနဲ့မဆိုင်တာသာ ပြောလာကြတယ်။ ” ကွန်မြူနတီ ခေါင်းဆောင်လို၊ အုပ်ချုပ်ရေးခေါင်းဆောင်လို ပြောလာကြတယ်။ အတူတူချင်းကို အတူတူမဟုတ်ဘူး ထင်မြင်လာကြတယ်။

သိပ် ခေတ်နောက်ကျန်နေတဲ့ နေရာဒေသတွေအတွက် “ဆရာဝန်မရှိရင်၊ ဘယ်လိုလုပ်မလဲ”။ “အမျိုးသမီးများ ဆရာဝန် မရှိရင် ဘာလုပ်မလဲ” စတဲ့ စာအုပ်တွေဟာ အကြိမ်ကြိမ်ထုတ်၊ ဘာသာပေါင်စုံပြန်ဆိုရတဲ့အထိ ခေတ်စားလာတယ်။ ဗမာပြည်အတွက်လည်း တကယ်အသုံးဝင်လှပါတယ်။ နယ်စပ်တွေ၊ ဒုက္ခသည်တွေရှိတဲ့ နေရာတွေမှာဆို ကျန်းမာရေး (ဘိုင်ဘယ်) ဖြစ်ရော။ အသုံးတော့ အတော်ဝင်ပါရဲ့၊ ဒါပေမဲ့ ကျွန်တော့်အမြင်က သူ့နေရာနဲ့သူသာ ဖြစ်သင့်တယ်။ ဆေးစစ်စရာ၊ ကုစရာတွေ အဆင့်သင့်ရှိနေတဲ့နေရာဒေသတွေမှာ အဲဒီ (ဆရာဝန်မရှိရင် ဘာလုပ်မလဲ) တွေကို သုံးစရာ မလိုပါ။ မရှိသုံးလို့တော့ လျှော့မပြောတာ မဟုတ်ပါ။ ဆရာဝန်ကိုယ်တိုင်ကနေ ကျန်းမာရေး-လုပ်သား ဝင်လုပ်နေတာ အမြင်မတော်ပါ။

“အိမ်မှာတင် ဓါတ်ဆားရည်ဖျော်နည်း” ဆိုရင် သိပ်သင်ဘို့၊ ဟောပြာဘို့ကောင်းတဲ့ အကြောင်းအရာတခုပါ။ အဆီအငေါ် မတည့်တာလေးတခု ရေးရအုံးမယ်။ နိုင်ငံကြီးတခုရဲ့ မြို့တော်ကြီးမှာ ဝမ်းပျက်တာကို ဆရာဝန်မရှိရင်၊ ဘယ်လိုလုပ်မလဲ စာအုပ်ထဲက ဓါတ်ဆားရည်ဖျော်နည်းအတိုင်း ဆရာဝန်ကခိုင်းပါတယ်။ သူ့လူနာက “ကျမတော့ အဲလိုလုပ်မနေနိုင်ဘူး၊ ဆိုင်က ၃ ကျပ်ပေး ဝယ်သောက်မယ်” တဲ့။ ဒီလို ဆရာသမားမျိုးတွေက ပြည်သူ့ကျန်းမာရေး ဆူပါ-စပါယ်ရှယ်လစ်တွေ ဖြစ်ကြတယ်။ နောက်ပြီး (ပရောဂျက်) ဆရာဝန်တွေ၊ ဟိုကော်မတီ၊ ဒီကော်မတီမှာ တာဝန်ရှိဆရာဝန်တွေက တမျိုး။ ဆေးကုနေတဲ့ ဆရာဝန်မျိုးဆိုရင် အမျိုးသားကျန်းမာရေး အပြင်ဘက်ကလူတွေလို့ အစည်းအဝေးတွေ၊ သင်တန်းတွေမှာ ပို့ချတတ်ကြတယ်။

ကျန်းမာရေးပညာပေးတဲ့အလုပ်ဆိုတာ အတော်မလွယ်တဲ့အလုပ်ပါ။ ရိုးရိုးရှင်းရှင်းလေးနဲ့မရတဲ့ အလုပ်မျိုးပါ။ ကျွန်တော်က တီတွင်ကြံဆနည်းတွေ အမြဲရှာပါတယ်။ “ကဲ့ လာကြပါ၊ ကြွကြပါ၊ ပညာပေးဟောပြောမယ်” ဆိုတာက နည်းတခုသာ ဖြစ်တယ်။ ပညာပေးပွဲတခု လုပ်ပြီးပြီလို့တော့ အစီရင်ခံစာထဲ ထည့်ရေးနိုင်တာပေါ့။ (ပင်ပလက်) တခု ထုတ်မယ်၊ လေးရောင်ခြယ် ပုံတွေနဲ့။ ကောင်းပါတယ်။ ပညာပေးစာအုပ်တအုပ် ဘာသာပြန်မယ်။ ကောင်းတာဘဲ။ ကက်ဆက် ခေတ်ကုန်ပြီ စီဒီနဲ့ ထုတ်မယ်။ ဗွီစီဒီ ပိုကောင်းတာဘဲ။ သင်တန်းပေးမယ်။ တဖွဲ့က ဘယ်နှစ်ယောက်စီ။ ခွဲတမ်းချ။ ကောင်းပြန်သေးတာပဲ။ အဲ့ နှစ် အတော်ကြာလို့ ပြန်ဆန်းစစ်လိုက်ရင် ဘယ်လောက် အကျိုးများလာသလဲဆိုတာက ပိုအရေးကြီးပါလိမ့်မယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ကျန်းမာရေးအဆင့် ပြောရရင် ရှက်စရာပါဗျာ။ ကိုယ့်အောက်မှာ ဘယ်နှစ်နိုင်ငံဘဲ ရှိသလဲ။ စုစုပေါင်း (၁)။

ဆေးကုနေသူဆရာဝန်ဟာ တကယ်မကျန်းမာသူလူနာတွေနဲ့ နဖူးတွေ့-ဒူးတွေ့ တွေ့နေရတယ်။ ဆိုပါစို့ အသဲရောင် အသားဝါလူနာ။ လူနာကို ဘယ်လိုကဘယ်လိုဖြစ်တာ၊ ဘယ်လိုနေပါ၊ စသဖြင့်ပြောရတယ်မဟုတ်လား။ နှစ်ကိုယ်ခြား ပြောရတာ မဟုတ်ဘူးလေ။ လူနာစောင့်တွေလဲပါတယ်။ ဘေးမှာလဲ တခြားလူနာတွေရှိတယ်။ အဲဒါ ပညာပေးနေတာ မဟုတ်ဘူးလား။ ကာကွယ်ရေးလုပ်နေတာ မဟုတ်လား။ လူ့စိတ်ဆိုတာ သိတဲ့အတိုင်း အခုဖြစ်နေတာကို ပိုအာရုံစိုက်တတ်တယ်။ ဟောပြောပွဲလာ နားထောင်ရတာမျိုးနဲ့ မတူဘူး။ ကျန်းမာရေးဟောပြောပွဲလုပ်ရင် (အင်ဂျီအို) က ဆိုက်ကားခပေးမှ၊ ဆရာဝန်က ဟောပြောပြီးရင် ဆေးကုပေးမှ လူလာတယ်။ ကိုယ့်ရောဂါအတွက် ကိုယ့်စရိတ်နဲ့ကိုယ် လာတဲ့လူနာတွေကို ဖမ်းပြီး၊ တန်းပြီးပြောပြရတာက ပိုထိရောက်တယ်။ အသံချဲ့စက်မလိုဘူး။ နဲနဲအသံမြှင့်ပြောလိုက်ရုံဘဲ။ နားထောင်တဲ့လူက သူ့ဝမ်းနာနဲ့သူ။ သူခံစားနေရတာသာ သိချင်တယ်။ သိချင်လိုက်တာမှ အရမ်းကိုသိချင်နေတာ။ ပညာပေးလို့ အကောင်းဆုံး အချိန်နဲ့ အသင့်တော်ဆုံးနေရာဖြစ်ပါတယ်။

အထူးကုဆရာဝန်တဦးကို ဆေးကုတဲ့ဆရာလို့ သတ်မှတ်ကြမယ် ထင်ပါတယ်။ အဲဒီဆရာတွေက ကျန်းမာရေး ပညာပေး စာတွေရေးမယ်။ ရေဒီယိုနဲ့ တီဗွီကနေ သူ့ဘာသာရပ်အကြောင်း ဟောပြောကြတယ်။ ကျန်းမာရေး ပညာပေးတာဟာ ကာကွယ်ရေးလုပ်နေတာ မဟုတ်ပါလား။ ဆရာဝန်၊ သူနာပြုတွေထဲမယ် စာရေးဝါသနာပါသူ၊ စာရေးတော်တဲ့သူတွေ မနည်းပါ။ သူတို့တတွေကရေးရင် ပရိတ်သတ် အားကောင်းလို့ ပညာပေးတာ ထိရောက်တယ်။ (ဘလော့ခ်) တွေ ပေါ်လာတော့ နည်းပေါင်းစုံနဲ့ရေးကြတယ်။ အတုံးလိုက် အတစ်လိုက် မဟုတ်တော့ဘူး။ အသံတွေ၊ ရုပ်တွေ၊ (မူဗွီ) တွေပါလို့ ဆွဲဆောင်မှု ပိုရှိတယ်။

တချို့တွေဆိုရင် ဆေးကုနေသူလဲ မဟုတ်၊၊ (ပရောဂျက်) ဆရာတွေလဲ မဟုတ်ဘူး။ ဆရာဝန် နှစ်မျိုးနှစ်စားမက ဖြစ်သွားရော။ ရောက်ရာ အရပ်ကနေ တတ်သိပညာ-မနေသာဆိုသလို ရေးကြတာ၊ ဘာသာပြန်တာ၊ ဆွေးနွေးတာတွေ လုပ်နေကြတယ်။ ဟို (ဘလော့ခ်) ကနေ ဒီ (ဘလော့ခ်) ထပ်ဆင့် ဖြန့်ပေးသူ ရှိရင် ပရိသတ်ပိုများသွားပြီပေါ့။ ရုပ်ရှင်ကြိုက်သူများ အားလပ်ချိန်မှာ အောက်နားက ပညာပေးစာလေး ဝင်ဖတ်သွားတတ်သလို၊ ဘာသာရေး (ဘလော့ခ်) ထဲက ကျန်းမာရေး ရေးထားတာလေး တွေ့သွားမျိုးလဲရှိတယ်လို့ ကျွန်တော့ (ဘလော့ခ်-စီဘော်က်စ်) ကနေသိရတယ်။

(ကွန်ဒွမ်) ဝေတာတို့၊ ရေသန့်ဆေးပြားပေးတာတို့ကို ဆေးကုပေးဆဲ့ဆေးခန်းကနေ လုပ်ပါတယ်။ လိင်ကတဆင့် ကူးစက်ရောဂါအကြောင်းကို ဆရာမတွေကိုသင်ပေးထားပြီး၊ သူတို့ကနေ အမျိုးသမီးချင်း ပြောပြခိုင်းပါတယ်။ သားဖွါးပေးရင်း မျိုးပွါးပညာပြောပြတယ်။ ဒါတွေဟာ ထိရောက်လက်တွေ့ကျတဲ့ ကာကွယ်ရေး-ပညာပေးရေးတွေ မဟုတ်ပါလား။

ချုပ်လိုက်ချင်တာက ဆရာဝန်တိုင်းသည် ဆရာဝန်တို့ လုပ်အပ်သည်များကို တတ်စွမ်းသရွေ့လုပ်ကြသည်။ ဆေးကု-ကာကွယ်-ပညာပေး၊ အရေးသုံးပါး အားလုံးဖြစ်ပါသည် ခင်ဗျား။

Dr. တင့်ဆွေ
၇-၉-၂ဝဝ၉

No comments: