Monday, November 11, 2013

Reeducating medicine ဆေးပညာ ပြန်လည်သင်ယူခြင်း

ဆရာဝန်၊ ကျန်းမာရေးမှူး၊ သူနာပြုနဲ့ သားဖွါးဆရာမတွေဟာ ဆေးပညာကို (၁) နှစ်ခွဲကနေ (၇) နှစ်ကြာ စာသင်ခန်းတွေ၊ ဓါတ်ခွဲခန်းတွေနဲ့ ဆေးရုံတွေမှာ သင်ယူကြရတယ်။ ကျွန်တော်တို့ နိုင်ငံမှာ ဆေးပညာသင်ကြားရေး “အတော်လေး” အဆင့်အတန်း ကျလာတယ်လို့ ကြားရ၊ ဖတ်ရ၊ သိရတာ “အတော်ကြီး” စိတ်မကောင်း ဖြစ်ရတယ်။ အခုပြင်မယ်ဆိုလို့ ကြိုဆိုပါတယ်။

ဆေးပညာမှာ တခြားတခြားပညာတွေလိုဘဲ အသစ်တွေ၊ ပိုကောင်းတာတွေက ပေါ်နေတယ်။ ရောဂါပိုးတွေကလည်း ဆေးကို ငါးပိဖြစ်အောင်လုပ်တယ်။ ဆေးအဟောင်းဆိုရင် “ဖုတ်လေတဲ့ငါးပိ၊ ရှိတယ်လို့မထင်” ဆိုသလို “ပိုးစွမ်းကောင်းတွေ” ဖြစ်လာနေကြတယ်။ ဒါ့ကြောင့် ဆေးပညာသင်တာမှာ စဉ်တိုက်-ဆက်တိုက် သင်ယူနေဘို့ဆိုတာ လိုအပ်တယ်။

ကျောင်းမှာတုံးက မသင်ခဲ့ရတာတွေ၊ အသစ်တွေ့ရ။ သင်ခဲ့တာတွေ တချို့က “အောက်” သွားတာတို့ အများကြီး တွေ့ရတယ်။ ဘီပိုး၊ စီပိုး၊ ဝက်တုပ်ကွေး၊ AIDS ဆိုတာတွေက ဟိုအရင်က ဘယ်သင်ခဲ့ဖတ်ခဲ့ရမလဲ။ စာအုပ်ထဲမှာတောင် ပါတာမဟုတ်ဘူး။ အရင်အနှစ် ၂ဝ လောက်က (ပါရာစီတမော) ဆိုတာ ဆေးဝါးဗေဒမှာ တပိုဒ်စာလောက် သာပါပြီး၊ သိပ်မစွမ်းပါဘူး သတ်မှတ်ခဲ့ကြတာ။ ခုခေတ်မှာ သူမပါဘယ်နေရာမှမပြီးတော့ဘူး။ ဒါလဲ အသဲရောဂါတွေ များလာပြန်တော့ (ပါရာ) ကို တားရပြန်ရော။

ဒုက္ခသည်တွေကို ဆေးကုပေးဘို့ရာ ကိုယ့်ကိုကူပေးမဲ့ လက်ထောက်လိုတာမို့ ဒုက္ခသည်တွေထဲက ဒုက္ခခံနိုင်သူတွေ လိုက်ရှာရတယ်။ သူတို့ကို အရင်ဆုံး စာသင်ပေးရတယ်။ အခမဲ့ဆေးကျောင်း ထောင်တာပေါ့။ ဟိုအရင်က “အသုံးလုံး” သင်တာ သွားအမှတ်ရတယ်။ သင်တန်းသား၊ သင်တန်းသူ အရွယ်ဆိုတာ ဘယ်ငယ်မလဲ။ စာသင်ခန်းလဲ ရှိတာမဟုတ်။ စာသင်ချိန်ကိုလဲ အဆင်ပြေသလို။ (ပရောဂျက်) ပေးသူများက ရောဂါကုပေးတာမျိုးကို စိတ်မဝင်စားကြဘူး။ ထိရောက်တာ မထိရောက်တာ ဘေးချိတ်၊ ကာကွယ်ရေးတို့၊ ပညာပေးတို့၊ ခေတ်ပေါ်ရောဂါ၊ (ဆီမီနာ) တို့ကိုမှ သူတို့က မျက်စိကျတယ်။

သူများကို သင်ဘို့ ပြင်တာနဲ့ ကိုယ်ပါ ပညာတွေတိုးရတာမို့ လက်ငင်းအကျိုးပေးတာလို့ ခေါ်မယ်ထင်ပါရဲ့။ စာသင်ပေးမယ်၊ “ညည်းတို့ ဘယ်အချိန်အားလဲ၊ ငါတော့ တပါတ်ကို ဘယ်နှစ်ရက်၊ တနေ့ ဘယ်နှစ်နာရီ။ ဆိုက်ကားခလဲ မပေးနိုင်ဘူး။ လက်ဖက်ရည် တခွက်စီ အတူတူ သောက်ကြတာပေါ့။”

ဒုက္ခသည် အများစုက ဗမာလို မတတ်ကြဘူး။ မြန်မာပြည်ထဲမှာ ဆရာဝန်လုပ်ခဲ့ရတုံးက သူငယ်ချင်းတွေ နယ်စွန်-နယ်ဖျား ပြည်နယ်များ ရောက်ကြတာကို၊ သွားရေး-လာရေးဝေးတဲ့ အခက်အခဲလောက်သာ ထင်ခဲ့မိတယ်။ အမှန်က ဘာသာစကား၊ ယဉ်ကျေးမှု၊ ရာသီဥတု စတာစတာတွေကလဲ တကယ့် အခက်အခဲတွေပါလားလို့ နောက်ကြမှ ကိုယ်ချင်းစာမိလာတယ်။ တယောက်ဆိုရင် ကြက်ကို လည်လှီးပြီး၊ သူ့အိမ်ရှေ့လာချတာမျိုး ကြုံရဆိုဘဲ။ သူငယ်ချင်းရေ အခုမှသိတာ “ဆောရီး” ကွာ။

ဆေးစာဆိုတော့ ဗိုလ်လို နဲနဲအခြေခံရှိတဲ့ သူမျိုးဖြစ်မှ အဆင်ပြေတယ်။ ဗမာလိုနဲ့ ဗိုလ်လိုပါ နှစ်မျိုးလုံး “တော့” နိုင်သူကို ဦးစားပေး ရှာရတယ်။ ရပါပြီတဲ့ တယောက်စ၊ နှစ်ယောက်စ။ ခက်ပြန်တာက သင်ပေးပြီး၊ တတ်သွားပြီး၊ မကြာခင် တတိယနိုင်ငံကို ထွက်သွားကြရရော့။ လူသစ် ထပ်ရှာရပြန်ပြီပေါ့။ သူတို့ကိုလဲအပြစ်မတင်ပါ။ ထွက်လာကတည်းက ရည်ရွယ်ချက်ကိုး။ (ဘော်လန်တီယာ) လုပ်ဘို့ အိုးပစ်၊ အိမ်ပစ်၊ တိုင်းပြည်ပစ် ထွက်လာတာ မဟုတ်ဘူးလေ။ ထပ်ထပ်သင်တော့ “စာသင်ပေးသူ စာကျေတာပေါ့” လို့ အကောင်းဘက်က တွေးယူရတယ်။

ဆေးစာမှန်သမျှ ဗမာလိုက ရှိတာမဟုတ်။ ဒီတော့ အကုန်လုံးကို ဗမာလိုပြန်ရမယ်။ ဗမာလို ပြန်တာတွေက တယောက် တမျိုးကများတယ်။ ဆိုပါတော့ အသဲ၊ အဆုပ်၊ လောက်ကတော့ တူတယ်။ ဘေလုံးတို့၊ သရက်ရွက်တို့ဆိုရင် မတူချင်တော့ဘူး။ သားအိမ်ဆိုတာအထိ တူပေမဲ့၊ “သားအိမ်အဝ” လား၊ “သားအိမ်ဝ” လား။ “သားအိမ်ခေါင်း” လား။ တခြားဆရာတွေ ဘာသာပြန်တာတွေ လိုက်ကြည့်၊ အတုယူ၊ မတွေ့ရင် ကိုယ်ဖါသာ တီထွင်။ အားလုံးကို ဗမာလိုပြန်ထားဘို့ရာ “ဘာသာပြန်ဆရာ” အရင်လုပ်ရတယ်။

ခန္ဓာဗေဒ၊ ဇီဝကမ္မဗေဒကစပြီး ဗေဒတွေ စုံသလောက်ကို ဗမာမှုပြုရတယ်။ စု-တု-ပြုတာ မှန်သမျှ (ဘလော့ခ်) ထဲ သွင်းထား ရသေးတယ်။ စာသင်တာကို စိတ်ဝင်စားအောင် (မာလ်တီမီဒီယာ) လဲ လုပ်ထားရသေးတယ်။ ဗမာလိုဆိုတာက မရှိသလောက် ရှားတယ်။ တနေ့ကမှ အမျိုးသမီး (ကွန်ဒွမ်) အသုံးပြုနည်း (ဗီဒီယို-ဖိုင်) တခုရဘူးတယ်။ သူများနိုင်ငံက (ဗီဒီယို) တွေကလဲ ကိုယ့်လူမျိုးတွေ မျက်စိနဲ့ သိပ်ကိုက်လှတာမဟုတ်ဘူး။ အတော်ကြီး ရွေးရသေးတော့ “ဆင်ဆာ လူကြီး” ဖြစ်သွားပြန်ရော။

သင်ထောက်ကူတွေ အဆင်သင့်ပေမဲ့ မရသေးပြန်ဘူး။ စကားအသုံးအနှုန်းလိုပြန်ရော။ သင်ယူမဲ့သူတွေက ဗမာစကားကို ဗမာဆန်ရင် နားမလည်ကြတာက များတယ်။ ကိုယ့်မြန်မာစာ-မြန်မာစကားကို တမင်တကာ ချရတော့တယ်။ ဆိုပါတော့ ချမ်းတယ်၊ ချောင်းဆိုးတယ်ဆိုတာမျိုးက ပြဿနာမရှိဘူး။ “ကိုယ်ဝန်” လို့ မယဉ်ကျေးလေနဲ့၊ “မီးဖွားချင်လို့လား” မေးရင် မျက်ခုံးပင့် ကြည်မယ်။ ကျင်ကြီး၊ ကျင်ငယ် မပြောနဲ့ ဆီးတို့၊ ဝမ်းတို့ဆိုတာတောင်မှ မရလေ။ အခက်ဆုံး ပြောရမလား။ မျိုးပွါးလမ်းကြောင်းကို သင်ပေးရတာ။ ဒီတော့ သူတို့ထဲက ဗမာစကား အတတ်ဆုံးကို နားလည်အောင် ဝေ့ဝိုက်ပြောပေးပြီး၊ လက်ထောက်-ကထိက အလုပ်ခိုင်းရတယ်။ ဒါနဲ့ မရသေးရင် “ဘော်ဒီ-လင်းဂွေ့ခ်ျ” ပါရတယ်။ ဗိုက်ဆိုရင် ကိုယ့်ဗိုက်ကိုဖိပြ။ “မော်ဒယ်” ဖြစ်ရပြန်ရော။

ဆေးပညာ သင်ပေးရတာက တခြားစာမျိုးနဲ့ မတူဘူး။ တကယ်ကိုသိ၊ အမှန်အတိုင်း နားလည်၊ အဟုတ်ကို လုပ်တတ်မှ လက်လွှဲလို့ ရမှာကိုး။ ဒါ့ကြောင့် သင်ရတာ လက်ဝင်ပါတယ်။ စာသင်ချိန်ရယ်လို့ မလုပ်နိုင်တော့တာကြာပြီ။ မွေးလူနာ စောင့်ရင်းသာ သင်ပေးနိုင်တော့တယ်။ လက်တွေ့ကတော့ ပြောမနေနဲ့၊ စာမတွေ့ခင်က တွေ့ကြရတာ။

တော်တဲ့သူက တော်ပါတယ်။ တယောက်ဆိုရင် တခြားနိုင်ငံရောက်ပြီး သူနာပြုတက်ခွင့်ရသွားတယ်။ အခု ၄ နှစ် သူနာပြုကောလိပ်အောင်သွားပြီ။ “တပည့်မကောင်း ဆရာ့ခေါင်း” ဆိုတာ ဆေးပညာသင်တဲ့နေရာမှာ ရာနှုန်းပြည့် မှန်တယ်။ ဒါကြောင့် “ကျုပ်ဆရာမတွေက တော်ကြတယ်” လို့ ခဏခဏပြောပါတယ်။

Dr. တင့်ဆွေ

No comments: