Sunday, November 10, 2013

Seven Years ၇ နှစ်သင်တန်း

ကျွန်တော်တို့ ဆေးကျောင်းတက်ရတာ (၇) နှစ်တိတိခေတ်ကပါ၊ ၁၉၆၅-၇၂။ နောက်တော့ ခြောက်နှစ်ခွဲ ဖြစ်သွားတယ်။ အခုတော့ အလုပ်သင်-ဆရာဝန် (၁) နှစ်ပါ ပေါင်းရင် (၆) နှစ်ထဲရှိတော့သတဲ့။ (၈) နှစ်ကြာမှ ဆရာဝန်ဖြစ်ခဲ့သူတွေက ဥာဏ်ရည်နည်းတဲ့သဘောပေါ့။ ဖုတ်ပူ-မီးတိုက် မကြိုက်ရင် မစားနဲ့ပေါ့။ (၇) နှစ်ထဲမှာ ပဌမနှစ်နှစ်က “အင်တာ” (အင်တာမိဒိရိတ်) လိုပါဘဲ။ ဆေးကျောင်းမှာဘဲ၊ အင်တာဘာသာရပ်တွေ သင်ရတာ။

အရင်က (၁) နှစ်စီ နှစ်တန်း၊ ဒုတိယ အမ်ဘီ-စီနီယာ လို့ခေါ်ခဲ့တာကို ကျွန်တော်တို့ခေတ် ရောက်တော့ ပေါင်းလိုက်ပြီး၊ ဒုတိယနှစ် (၁) နှစ်ခွဲတန်းမှာ တကယ့်ဆေးပညာ အခြေခံတွေစပြီ။ ခန္ဓာဗေဒ နဲ့ ဇီဝကမ္မဗေဒ သင်ကြရတယ်။ မန္တလေး ဆေးကျောင်းမှာ ကျောင်းသား (၁ဝ) ယောက်လောက် တစုမှာ လူ့အလောင်းတခုရတယ်။ ဟုတ်လား မဟုတ်လားတော့ မသိဘူး၊ “ရန်ကုန်ဆေးကျောင်းမှာဆို ဒို့လောက် အလောင်းမပေါဘူး” ဆိုပြီး အလောင်း အများပြိုင်ကြသေးတယ်။ လူ့အရိုးစုလဲ ကျွန်တော်တို့ ခေတ်မှာ မရှားပါဘူး။ တယောက် တစုံ၊ တချို့က တယောက် တခြမ်းဝယ်ပြီး၊ ကိုယ့်အခန်းထဲကို ချိတ်ထားကြတာဘဲ။ တစုံကိုမှ (၅ဝ) ကျော်လောက် ပေးရတယ်။

နောက်နှစ်က တနှစ်တတန်းစီနဲ့၊ နှစ်တန်းမှာ ရောဂါဗေဒ၊ ဆေးဝါးဗေဒ၊ အနုဇီဝဗေဒ နဲ့ လူမှုရေး ဆေးပညာ၊ မှုခင်း-ဆေးပညာတွေ သင်ရတယ်။ ဆေးရုံလက်တွေ့ ဆိုတာလဲ စတယ်။ စာသင်ခန်းနဲ့ လက်တွေ့ခန်းက ကျောင်းထဲမှာရော၊ ဆေးရုံကြီးမှာ ကူးချီ-သန်းချီပေါ့။ ကျွန်တော့်အဖို့တော့ တတိယ အမ်ဘီတန်းရောက်တော့ နဲနဲပျင်းလာသလိုဘဲ။ စိတ်လေလာတာလဲ ပါတာပေါ့။ နှစ်ဘာသာ ပြန်ဖြေလိုက်ရတယ်။ နှစ်ကျတာတော့ မဟုတ်ဘူး။ (ကွန်ပတ်) လို့ ခေါ်တယ်။ စာမေးပွဲကြီးအပြီး နောက်တလအကြာမှာ လိုတဲ့ဘာသာကိုပဲ ပြန်ဖြေခိုင်းတာပါ။ အမှန်က အဲဒီဘာသာတွေဟာ အလွယ် စာရင်းထဲမှာ ပါတာတွေ။ သင်ခန်းစာရသွားလို့ ခက်ပေဆိုတဲ့ နောက်ဆုံးနှစ်တွေမှာ ရှောရှောရှူရှူ ဖြစ်သွားခဲ့တယ်။

ကျောင်းသားဘဝဆိုတာ နှစ်ကြာရင် အချိုးအကွေ့တခုမှာ ပြောင်းတတ်တယ်။ ဆေးပညာဆိုတာက (၁၇) နှစ် မာရသွန်နဲ့ တူတယ်။ သူငယ်ချင်းတချို့ (၁ဝ) တန်းတုံးက (ဒီ) ရခဲ့တဲ့ ဘာသာရပ်ကို ဆေးကျောင်း ပဌမနှစ်တွေမှာ ပြန်ဖြေရတယ်။ ကျွန်တော်ထက် စောပြီး စိတ်လေသွားတာနေမှာပေါ့။ အရွယ်ကလဲ (၁၆) နှစ်ကျော်စ၊ အပြောင်းအလဲ တွေကလဲ ကြီးတာကိုး။ ပတ်ဝန်းကျင်သစ်မှာ အထာမကျဖြစ်တာတို့၊ စိတ်လှုတ်ရှားတာ များသွားတာတို့ ရှိတတ်တယ်။ ဒီအရွယ်တွေကလဲ အဖေါ်ရှာတဲ့အရွယ် ဖြစ်နေပြန်လို့ နှလုံးအကြောင်းသင်ရင် သင်ခန်းစာမှာမပါတဲ့ နှလုံးသားကိစ္စကို စိတ်ဝင်တစားလေ့လာပြီး လက်တွေ့ပါ ဆင်းကြတယ်လေ။ အံကျပန်ကျ ဖြစ်တာက များပေမဲ့၊ မဖြစ်တာတွေလဲ ကြုံကြရတယ်။ ဆေးကျောင်းတုံးက တွဲခဲ့တဲ့အတွဲတိုင်း နောင်မှာ လက်ဆက်ဖြစ်ချင်မှဖြစ်တတ်တယ်။

တချို့ဆို ကျောင်းမပြီး၊ ဆရာဝန် မဖြစ်လိုက်ရတော့ဘူး။ ခါးတဝက် ပြတ်သွားတာ ကျွန်တော်တို့ ဘက်ခ်ျ မှာ သူငယ်ချင်း နှစ်ယောက်ရှိတယ်။ မန္တလေးသားတွေ။ စိတ်မကောင်းဖြစ်ခဲ့ရတယ်။ အဲဒီတုံးက။ နောက် ပြန်စဉ်းစားမိရင် ဘာထူးမလဲ ဆရာဝန်ဖြစ်တဲ့လူနဲ့ မဖြစ်တဲ့လူဆိုတာလေး ကွဲလွဲတာအပြင် မထူးပါဘူး။ ဆရာဝန် ဖြစ်ချင်တဲ့ဘက်က နေကြည့်ရင်တော့ အနုတ်သဘော။ ဘက်မလိုက်ဘဲ ကြည့်တတ်ရင် ဘာမှထူးတာမဟုတ်။

ဆရာဝန် ဖြစ်ပြီးနောက် တာဝန်ကျဒေသတခုမှာ ဆရာတော်တပါးက အမေးနဲ့ တရားပြဘူးတယ်။ "ဒကာကြီး စစ်ကိုင်း တံတားဟာ အသွားလမ်းလား၊ အပြန်လမ်းလား" တဲ့။ အဲဒါလို သဘောပေါက်ဘို့ ဆေးကျောင်းသားဘဝဆိုတာ ငယ်သေးတယ်။ အမှန်ကတော့ နုသေးတာပါ။ အသိဆိုတာ အသက်နဲ့ အမြဲတန်း အချိုးကျတာ မဟုတ်ဘူး။ မန္တလေးကနေ သွားရင်တမျိုး၊ စစ်ကိုင်းကဆိုရင်တမျိုး၊ ငါဘာဖြေရမလဲ စဉ်းစား၊ ချွေးပြန်ခဲ့ဘူတဲ့ အရွယ်ပေါ့။ တံတားကို တံတားဘဲလို့ မြင်မကြည့်တတ်သေးပါ။

နောက်ဆုံး တနှစ်ခွဲကတော့ တကယ့်နောက်ဆုံး။ နောက်ဆုံးနှစ် အပိုင်း (ခ) လို့ ခေါ်တယ်။ တနှစ်ခွဲတန်း။ ဆေးပညာ ဘာသာကြီး (၄) ရပ်ပေါ့။ ဆေး၊ ခွဲစိတ်၊ သားဖွါး-မီးယပ် နဲ့ ကလေးဆေးပညာ။ ဆေးရုံကြီးမှာပဲ သင်ရတော့တယ်။ ညလဲ သွားရတာမျိုးလဲ ရှိလာတယ်။

ဆေးကျောင်းသာ လာတက်ရပြီး၊ စိတ်မပါဘူး ဆိုသူတွေလဲရှိတယ်။ မိဘတွေကြောင့် လာတက်ရတာလို့ ဆိုကြတယ်။ ဘွဲ့ရပြီးရင်လဲ ဆရာဝန် မလုပ်ဘူး ဆိုသူလဲရှိတယ်။ ကျောင်းပြောင်း၊ လိုင်းပြောင်း သွားတာ နဲနဲပါးပါး ရှိတယ်။ ကျောင်းသားဟောင်းကြီးတွေဆိုတာ ရှိသေးတယ်။ မအောင်နိုင်လို့ ပြန်ပြန် ဖြေနေရတယ်။ နောက်ဆုံးနှစ်ဆိုရင် အရင်က ဘယ်လောက်ကြာကြာရတယ်။ နောက်တော့ ၃ ခါ ပြန်ဖြေခွင့် ပေးတယ်။ ညီအကိုတော်သူ တယောက်ဆို နောက်ဆုံးနှစ် (ခ) မှာ ဘယ်နှစ်နှစ် ကြာသွားလဲတောင် မသိတော့ဘူး။

ပညာရေးညံ့လို့ကြောင့် မဟုတ်ဘဲ ဆရာဝန် မဖြစ်လိုက်ရသူတွေလဲရှိတယ်။ ဘာဆိုတာ စဉ်းစားကြည့်ပေါ့။ ခေတ်က အာဏာသိမ်း အစိုးရခေတ်မို့ နိုင်ငံရေးဆိုတာ ဘယ့်လောက် စာထုပ်စာပိုး ပိနေပေမဲ့ သက်ရောက်မှု ရှိတာဘဲ။ နိုင်ငံရေးကြောင့် ကျောင်းထုတ်ခံရတာတွေ နှမြောဘို့ ကောင်းလိုက်တာ။ သူများနိုင်ငံတွေမှာ မရှိတာမျိုး။ ထောင်ထဲက လွတ်လာပြီး၊ အသနားခံတာတွေ၊ ဘာတွေ လုပ်တာတောင် မေဂျာလိုင်းကိုဘဲ သင်စေတယ်။

ကျွန်တော်က သိပ်နိုင်ငံရေးဆန်ခဲ့တဲ့လူ မဟုတ်ဘူး။ မိသားစုမှာရော အသိုင်းအဝိုင်းမှာပါ ခပ်ကင်းကင်းတွေဆိုပါတော့။ ဒါတောင် ဒုတိယအမ်ဘီတန်းရောက်တော့ တရုပ်အရေးအခင်းနဲ့ ကြုံတဲ့အခါ ပါခဲ့တာပေါ့။ အစိုးရဆန့်ကျင်ရေး မဟုတ်လိုက်လို့ ဘာမှ အရေးယူမခံရဘူး။ မန္တလေး နန်းတွင်းက ထောင်ထဲမှာ နေ့ခင်း ခေါ်ထားပြီး။ ညရောက်တော့ မန္တလေးတောင်နားက စစ်တပ်တခုထဲ သွားအိပ်ကြရတယ်။ ခြင်ထောင်နဲ့ဘာနဲ့ပေါ့။ နောက်နေ့ညနေ ကျောင်းက အဆောင်မှူးလက်ထဲ ပြန်အပ်တယ်။

သင်ခန်းစာတချို့ ရလိုက်ပါတယ်။ ဆေးကျောင်းသားတွေနဲ့ ဝ-သ လို့ ခေါ်ခဲ့တဲ့ ဝိဇ္ဇာနဲ့သိပ္ပံ ကျောင်းသားတွေ ချီတက်ပြီး ပေါင်းကြတာ၊ (အေ) လမ်း ဟိုဘက်-ဒီဘက်၊ ကြားမှာ လုံခြုံရေးတွေက တားတာခံရတယ်။ အဟောအပြောကောင်းတဲ့ ဗိုလ်မှူးတယောက်က ပြေရာပြေကြောင်း တရားဟောတာ နာကြရတယ်။ ဒါလဲ မပြန်ကြလို့ မနက်မလင်းတလင်း အချုပ်ကားတွေ လာတဲ့အခါ မတက်ကြဘူး။ စစ်တပ်က လိုက်လျောပြီး၊ တီအီး (၁၁) စစ်ကားတွေ ရောက်လာတယ်။ ထောင်ချီတဲ့ ကျောင်းသား အုပ်ကြီးထဲက ရာဂဏန်းဘဲ ကားပေါ်မှာပါလာတော့တယ်။ ဆေးကျောင်းက (၆) ယောက် လားပါတယ်။

အနှစ် (၂ဝ) ကျော်လို့ ၁၉၉ဝမှာ ရွေးကောက်ပွဲလုပ်တော့ ဆရာဝန် (၅ဝ) တိတိ အရွေးခံကြရတယ်။ အားလုံးဟာ NLD ကချည်း ဖြစ်ပါတယ်။

Dr. တင့်ဆွေ

No comments: