Wednesday, October 27, 2010

Victims of Era ဆရာဝန်၊ ဆေးကျောင်းသားများသည် သားကောင်များဖြစ်သည်

၂ဝဝ၈ ခုနှစ် အောက်တိုဘာလထုတ် ရွက်နုဝေမဂ္ဂဇင်းက ဆရာအောင်ကြီးရဲ့ ဆောင်းပါးနဲ့ ၁၂-၁၂-ဝ၈ နေ့က (RFA) ကလွှင့်တဲ့ ဆေးတက္ကသိုလ်ဘွဲ့များ ဆေးကုသခွင့် လိုင်စင်ရရေး ခက်ခဲဆိုတဲ့ သတင်းနှစ်ပုဒ်လုံး တပြိုင်နက် ဖတ်ရတယ်။ စိတ် အတော် ထိခိုက်မိပါတယ်။ ခံပြင်းလည်း ခံပြင်းတယ်။ ကျောင်းသား လူငယ်တွေကို သနားမိတာရော ပါတယ်။ စနစ်တကျ ဖျက်ဆီးခံနေကြရတာပါ။

အမေရိကန် သမတသစ်က နေသူ့အုပ်ချုပ်ရေးအဖွဲ့အတွက် လူရွေးနေတုံးက အကောင်းဆုံးဦးနှောက်တွေဆိုပြီး အမွှန်းတင်ထာ ကြားလိုက်မိကြမှာပါ။ LDC အဆင်းရဲဆုံး စာရင်းဝင်ဘဝကနေ ရုံးထွက်နေရချိန်မှာ ဘယ်သူက အုပ်ချုပ်နေနေ၊ တိုင်းပြည်ရဲ့ ဦးနှောက်ကို မသုံးဘူးဆိုရင်၊ အခုအနှစ် ၂ဝ ကျော်လာလို့ လွတ်လမ်းမမြင်သေးတာ ဘယ်ဆန်းမလဲ။

ကျွန်တော်တို့ လူမွဲစာရင်းက လွတ်ဘို့၊ သူများတွေနဲ့ ယှဉ်နိုင်ဘို့၊ ဖြစ်နိုင်ရင် ကျော်တက်ဘို့ဆိုတာ ဗျူဟာကျတဲ့ စိတ်ခေါ်ချက်ပါ။ စေတနာပါတဲ့အမြင် ရှိတယ်ဆိုရင်၊ လူ့ဦးနှောက်ကောင်းတွေကို အနှစ် ၂ဝ နဲ့သင်ကြား၊ မွေးထုတ်နိုင်ပါတယ်။ ကျွန်တော်တို့ တိုင်းပြည်မှာ သိပ်ဝေးလံခေါင်ဖျားတဲ့နေရာတွေက လူတွေအတွက်ရော၊ ဆင်းရဲတဲ့လူတွေအတွက်ရော၊ နောက်ပြီး အမီလိုက်နိုင်ရေး ဦးတည်ချက်ရော စုစပ်ပြီးသကာလ ဗျူဟာအတို-အရှည်ချ လုပ်ရပါလိမ့်မယ်။

ကျောင်းတက်ဘူးသူတိုင်း သိကြမှာပါ။ အတန်းတတန်းမှာ လူတော် ၁ဝ ယောက်လောက်ရှိနိုင်တယ်။ ထူးချွန်တဲ့သူ ၂ ယောက်လောက် ပါနိုင်တယ်။ ကျောင်းတိုင်းလိုလိုကနေ ရွေးထုတ်နိုင်တာမျိုးပါ။ လူတော်လေးတွေတွေ့ပါပြီတဲ့၊ သူတို့ကိုသင်ပေးမဲ့ပညာက ခပ်ရှော်ရှော် ဖြစ်နေရင်လဲ၊ မဟုတ်သေးဘူး။ ပညာခေတ်ဆိုပြီး ထောက်ပြနေတာတော့ရှိပါရဲ့၊ လုပ်ပေးရမဲ့သူက မလုပ်တော့ ထမင်းဆာနေတဲ့ လူအနား ဟင်းလျှာကောင်း အနံ့မွှေးပေးနေရင် ဆာနေသူအဖို့ ပိုပြီး ဒေါသကြီးပါလိမ့်မယ်။

မြန်မာနိုင်ငံသားတွေဟာ လူမျိုးတိုင်းလူမျိုးတိုင်း ထူးခြားတတ်ကြသလို ထူးတာတွေရှိတာပါ။ တီထွင်တတ်တယ်။ အသစ်ထွင်တာထက် မရှိ-ရှိတာနဲ့ ဖြစ်အောင်လုပ်တဲ့အတတ်ကို ဗမာတွေကို အခြေအနေက သင်ပေးထားခဲ့တယ်။ အဲလိုလူစားတွေထဲမယ် စက်ဆရာတွေရော၊ ဆေးဆရာတွေရောပါတယ်။ ဒုတိယကမ္ဘာစစ် လက်ကျန်ကားတွေကို သုံးရအောင်ပြင်တဲ့အတတ်၊ အပိုပစ္စည်း မသွင်းလို့ ရှိတာနဲ့ ဖြစ်အောင်လုပ်တဲ့ စက်မျိုးစုံဆိုတာတွေကို တန်ဖိုးထား သုံးရတဲ့ဘဝတွေကို အနှစ် သုံးဆယ်မက ဖြတ်သန်းခဲ့ရပြီးပြီ။ အခုလဲ ပိတ်ထား-ဆို့ထားတာကို ကျော်ဖြတ်-ခွတက်တဲ့ နည်းတွေ တတ်နေကြရပြန်ပြီ။

ကျွန်တော်ကိုယ်တိုင် ဘာကရိယာပစ္စည်း၊ အဆောက်အဦမှ မယ်မယ်ရရမရှိတဲ့ တောနယ်မှာ တာဝန်ကျတုံးက (မေဂျာ-အော်ပရေးရှင်း) အထိ မဖြစ်မနေလုပ်ပေးခဲ့ရတယ်။ လက်သရမ်းချင်တာမဟုတ်ပါ။ ဆေးရုံကြီးသွားဖို့၊ လူနာတွေမှာ အချိန်လည်းမရှိ၊ ငွေလည်းမရှိကြပါ။ ငွေရှာနိုင်အုံးတော့ လမ်းမပေါက်ပါ။ ဒီတော့ တောဆရာဝန်အဖို့ ဘယ်လမ်း ရွေးရပါမလဲ။ ထိုင်ကြည့်မလား၊ ကိုင်ကြည့်မလား။ ဒီလိုနည်းနဲ့ တောမှာ တာဝန်ကျတဲ့ ဆရာဝန်တိုင်း အထွေထွေ အထူးကုတွေ ဖြစ်လာစေခဲ့ပါတယ်။ ဘယ် (တိုဖယ်) မှ မဖြေဘူးကြပါ။ ခြေစခေါင်ဆုံး ခွဲရတယ်။ ကလေး၊ သားဖွါး-မီးယပ်၊ အရိုး၊ မျက်စိ အကုန်လုပ်နိုင်တယ်။

ဆရာအောင်ကြီးက အခြေအနေဆိုးကြီးကို တစေ့တစောင်း ထုတ်ရေးတာအတွက် အသိပေးနေတာဖြစ်လို့ ကျေးဇူးတင်တယ်။ စာတကြောင်းထဲ ခြုံလိုက်ရင် "သဘာဝအရ အစွမ်းရှိနေပြီးသား ဦးနှောက်တွေကို သွေးပေး-မွေးပေးဘို့ စေတနာ အလျဉ်းမရှိတဲ့ စနစ်ကြီးသည်သာ တရားခံဖြစ်တယ်။"

ဆရာအရွယ်တွေ၊ အဖြူတွေ-အညိုတွေအရွယ်တွေသည် ဇာတ်ကောင်တွေ ဖြစ်သလို၊ နောက် နှစ်ဘယ်လောက်အထိ လက်ခံနေကြအုံးမလဲ ဆိုတာကို သူတို့ဟာ ဖြေနိုင်သူတွေလည်း ဖြစ်ကြပါတယ်။

Dr. တင့်ဆွေ
၁၂-၁၂-ဝ၈

No comments: