Thursday, May 8, 2014

Red Cross ဝေဒနာများနေပါစေ စေတနာမရှားစေနဲ့

‘ဟင်နရီ-ဒူးနန့်’ ရဲ့မွေးနေ့ဖြစ်တဲ့ မေလ (၈) ရက်ကို နှစ်စဉ်နှစ်တိုင်း World Red Cross and Red Crescent Day ‘ကမ္ဘာ့ကြက်ခြေနီနေ့’ လို့ သတ်မှတ်ထားတယ်။ ၂ဝ၁၄ ကမ္ဘာ့ကြက်ခြေနီနေ့ရဲ့ ဆောင်ပုဒ်ကတော့ မနှစ်ကလိုဘဲ၊ “Together for Humanity လူသားတွက်တာ လက်တွဲပါ” ဖြစ်ပါတယ်။

ဆွစ်ဇာလန်နိုင်ငံကို ချီးကျူးဘို့ ကောင်းတာတွေထဲမှာ ကမ္ဘာစစ်ကြီးတွေတိုင်းမှာ ကြားနေခဲ့နိုင်တာ၊ အကောင်းဆုံး ဘဏ်တွေရှိတာ၊ အကောင်းဆုံးနာရီနဲ့ မောင်းချဓားကအစ အလွန်တိကျပြီး အသေးစိပ်တဲ့ အသုံးအဆောင်ပစ္စည်းတွေ ထုတ်လုပ်တာအပြင် သူ့နိုင်ငံသား (ဟင်နရီ-ဒူးနန့်) က မျိုးစေ့ချတဲ့ “ကြက်ခြေနီ” လည်းပါတယ်။

‘ဟင်နရီ-ဒူးနန့်’ ဟာ စီးပွါးရေးသမားပါ။ သွားရင်းလာရင်း လူလေးသောင်း သေကြေခဲ့ရတဲ့ သြစထရို-ဆာဒီးနီးယားစစ်ပွဲကို မျက်ဝါးထင်ထင် တွေ့မြင်ရာကနေ ကြက်ခြေနီဇာတ်လမ်း စခဲ့တာပါ။ တတိယ နပိုလီယန် ခေတ်ပေါ့။ အသောကဘုရင်ရဲ့ ကာလိင်္ဂစစ်ပွဲကြီးအပြီး ဗုဒ္ဓဘာသာ ထွန်းကား-စည်ပင်စေနိုင်ခဲ့သလိုမျိုး၊ စစ်ပွဲကနေ ကောင်းတဲ့ သင်္ခန်းစာ ယူနိုင်ခဲ့တဲ့ နောက်ဥပမာတခုလည်း ဖြစ်ပါတယ်။ အဆိုးထဲက အကောင်းရှာတတ်တာ ပညာရှိပါပဲ။

သူကနေ A Memory of Solferino စာအုပ်ကို ၁၈၆၂ မှာ ရေးထုတ်ခဲ့တယ်။ နောက်နှစ်မှာ ငါးဦးကော်မတီကို ဖွဲ့ခဲ့တယ်။ ငါးဦးကော်မတီရဲ့ စိတ်ဝင်စားဘို့ ကောင်းလှတဲ့ အချက်ကတော့ သူက စီးပွါးရေးသမား၊ ကျန်းမာရေး ပညာရှင် နှစ်ဦး၊ ဥပဒေပညာရှင် တဦးနဲ့ စစ်ဗိုလ်ချုပ် တဦးတို့ ပါခဲ့ကြတာဖြစ်တယ်။ (ပရော်ဖက်ရှင်နယ်) ခြားနားကြပေမယ့် စေတနာ အားကောင်းကြရာမှာ သွားတူနေကြတယ်။ “အတူတွဲလုပ်ကြလျှင် အောင်မြင်သည်” ဆိုတာကို ပြတာပါဘဲ။ “ကြီးကျယ်တဲ့အရာကို ငါတို့ချည်းသာ လုပ်လို့မရပါလား” လို့လည်း သင်ခန်းစာပေးလိုက်တယ်။

ကြက်ခြေနီဆိုတာ လူငယ်ဘဝက စကြတာများတယ်။ ပြောဘို့တောင် မလိုအောင် မွန်မြတ်လိုအပ်တဲ့ လုပ်ငန်းပါ။ ရေကြီး၊ မီးလောင်၊ မုန်တိုင်းမွှေ၊ မြေပြို၊ လေယာဉ်ပျက်၊ ငလျင်လှုပ်၊ ရထားမှောက်၊ ဒုက္ခရောက်တာမှန်သမျှ ကူညီကြတယ်။ သူတို့ကို တတ်ကျွမ်းအောင်လည်း သင်ပေးထားသလို အသုံးအဆောင် မှန်သမျှကိုလည်း ခေတ်နဲ့အညီ၊ နည်းပညာနဲ့အမီ တပ်ဆင်ပေးထားကြတယ်။ သူများဆီမှာတော့ ဘေးအန္တရာယ်ကျ၊ ဒုက္ခတွေ့ရတာတွေမှာသာ ကြက်ခြေနီအဖွဲ့တွေ ကယ်ဆယ်ရေးအဖွဲ့တွေက ကူညီကြပြီး၊ တခြားနေရာ၊ တခြားအလုပ်တွေမှာ ဒီလူတွေက ဝင်ရှုတ်တာ မတွေ့ဖူးပါ။

မြန်မာနိုင်ငံမှာက ဒီနေရာမှာလဲ ထူးခြားတယ်။ ‘မဆလ’ ခေတ်က မြို့နယ်ဆရာဝန်လုပ်တုံး ကြက်ခြေနီ သင်တန်းတွေ ပေးခဲ့ဘူးတယ်။ သင်တန်းအပြီးမှာ စာမေးပွဲစစ်တော့ သူများတွေကတော့ သင်တန်းသားတွေထဲက ဆရာဝန့်သားဘဲ ပဌမရမှာလို့ တွက်ထားကြသတဲ့။ အဖြေထွက်တော့ ဘယ်ဟုတ်မလဲ။ ပါတီလူကြီးသားက ပဌမတဲ့။ မေးခွန်းထဲမှာ ရှေးဦးသူနာပြု မေးခွန်းထက် ပိုများတဲ့ ‘မဆလ’ ပါတီအကြောင်းနဲ့ စားသွာတယ်တဲ့။

စစ်အစိုးရလက်ထက်ရောက်တော့ ကြက်ခြေနီနဲ့ မီးသတ်တပ်ဖွဲ့ကို အလုပ်နဲ့ မဆိုင်တာတွေကို သင်ပေးတာ၊ ဆင်ပေးတာ၊ အသုံးချတာတွေ လုပ်လာပါတယ်။ အတိုက်အခံနိုင်ငံရေးအင်အားစုတွေကို အင်အားညှိဘို့မှာ သုံးခဲ့တယ်။ စစ်တပ်ရဲ့ အရံအင်အားတရပ်လို ဖြစ်စေခဲ့တယ်။ စွမ်းအားရှင်ဆိုတာနဲ့ မရှေးမနှောင်းမှာပါ။ အခုပြန်အသက်သွင်းလာတဲ့ ကင်းထောက်တပ်ဖွဲ့ကိုလဲ စောင့်ကြည့်သင့်ပါတယ်။

ကြက်ခြေနီ အမှတ်အသားကို ၁၈၆၄ ပထမအကြိမ် (ဂျနီဗာ-ကွန်ဗင်းရှင်း) ပြီးတဲ့နောက် ဆွစ်ဇလန်နိုင်ငံ အလံအရောင်ကို ပြောင်းပြန်ပြုထားတဲ့ “အဖြူခံပေါ် အနီရောင် ကြက်ခြေ” ကို သတ်မှတ်ခဲ့ကြတယ်။ နောက်မှာ ကြက်ခြေနီလိုပဲ Red Crescent လခြမ်းနီ အမှတ်အသားကို စသုံးခဲ့ကြတာကတော့ (အော်တိုမန်-အင်ပါယာ) နဲ့ ရုရှားစစ် (၁၈၇၇-၁၈၇၈) က ဖြစ်တယ်။ အခု အဲလိုနိုင်ငံပေါင်း ၃၃ ခုရှိနေပြီ။ ၂ဝဝ၅ ခုနှစ်မှာ Red Crystal ကိုပါ တချို့တိုင်းပြည်တွေမှာ သုံးနိုင်လာ ကြတယ်။ Red Star of David ဆိုတဲ့ အစ္စရေးတို့ လုပ်ချင်တာကတော့ တရားဝင် မဖြစ်သေးပါဘူး။

အမှတ်တံဆိပ်တွေ အမျိုးမျိုး ရှိပါစေ၊ နိုင်ငံတွေ ကွဲပြားပါစေ၊ ပြောင်းလို့မရ၊ ပြောင်းဘို့မသင့်တဲ့ ကြက်ခြေနီရဲ့ အနှစ်ကတော့ Mercy and Absolute Nuetrality “သနားညှာတာစိတ် နဲ့ အကြွင်းမဲ့-ဘက်မလိုက်မှု” ဖြစ်ပါတယ်။

ဘက်မလိုက်ဆိုတာ Non-Aligned ကို ပြောတာမဟုတ်ပါ။ NAM ဘက်မလိုက်လှုပ်ရှားမှုဆိုတာ စစ်အေးခေတ်မှာ ဘယ်ဘက်မှ မလိုက်ခဲ့တဲ့အုပ်စုဖြစ်ပြီး၊ စစ်အေးခေတ် နောက်မှာတော့ အစိုးရတွေနဲ့ချည်း ဖွဲ့ထားတဲ့အဖွဲ့ဖြစ်လို့ ကုလသမဂ္ဂလိုပဲ ရေများ-ရေနိုင်၊ မီးများ-မီးနိုင်။ အစိုးရတွေ မကြိုက်တာ မှန်သမျှ ဘာမှမလုပ်ကြပါ။ မြန်မာ့ ဒီမိုကရေစီရေးမှာ စစ်အစိုးရဘက်သာလိုက်ခဲ့ပါတယ်။

ကြက်ခြေနီရဲ့ Neutrality ဘက်မလိုက်မှုဆိုတာ စစ်ဖြစ်နေတဲ့ အုပ်စုနှစ်ခုရှိရင် ဟိုနိုင်ငံ၊ ဒီနိုင်ငံ၊ ဘက်မလိုက်ရဘူး။ အစိုးရဖြစ်ဖြစ်၊ သူပုန်ဖြစ်ဖြစ် ဘက်မလိုက်ရဘူး။ မတူတဲ့၊ အယူအဆကွဲတဲ့၊ ဘက်နှစ်ဘက်မှာလည်း အစိုးရအကြိုက်၊ အတိုက်အခံအကြိုက် ဘယ်ဘက်ကိုမှ မလိုက်ရတာ ဖြစ်ပါတယ်။

Absolute အကြွင်းမဲ့သဘောကို ပိုလို့တောင် သိဘို့-လိုက်နာဘို့ လိုပါတယ်။ ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံရေး၊ ခွဲခြားမှု လုံးဝကင်းရတယ်။ ဒုက္ခရောက်နေတာ၊ ကျိုးပဲ့နေတာ၊ သေလုမြောပါး ဖြစ်နေတာတွေကိုသာ စေတနာစိတ် ထားပါလေ။ “စေတနာနဲ့ စာနာစိတ်ဟာ အမိန့်လာမှ ထွက်ရတာ မဟုတ်ပါ။”

First Aid Manual ရှေးဦးသူနာပြုလက်စွဲ http://dts-medicaleducation.blogspot.com/2009/12/first-aid-manual.html

Dr. တင့်ဆွေ
၂၄-၅-၂ဝ၁ဝ
၃-၅-၂ဝ၁၄

No comments: