Sunday, December 26, 2010

Research and Experience သုတေသန နှင့် ကိုယ်တွေ့

“ကိုယ်တွေ့” ဆိုတာ လူတိုင်းမှာ ရှိတယ်။ ကိုယ်တိုင် တွေ့ကြုံခံစားတာ ရေးရင် Memoirs ကိုယ်ရေး အတ္ထုပ္ပတ္တိ ခေါ်တယ်။ တကယ့် အဖြစ်အပျက်မျိုးကို အခြေခံတဲ့ Based on real story စာအုပ်-ရုပ်ရှင်တွေလဲ အများကြီး။ ကိုယ်တိုင် တွေ့ပါတယ်-မြင်ပါတယ်လို့ Witness ကနေ တရာရုံးမှာ သက်သေထွက်တာမျိုး။ ခရစ်ယာန်ဘာသာမှာ Testimony လုပ်တာမျိုး။ ဒါတွေက တဦးချင်းစီရဲ့ ကိုယ်တွေ့ သက်သက်ပါ။ “ဟုတ်တယ်-မှန်တယ်” ဆိုတာကို ကျမ်းကျိန်တာတို့၊ လက်ဝါးကပ်တိုင်တို့နဲ့ “မဟုတ်ရင်တော့လား” ဆိုတာပြီး၊ “အမှန်ခိုင်းတာမျိုး” ဖြစ်တတ်ပါတယ်။

ပညာနယ်ပယ်တခုမှာ “ဆေးကုတာ” ဆိုပါစို့ ပညာရပ်က သိပ္ပံဖြစ်တာမို့ စမ်းသပ်မှုတွေ၊ သီအိုရီတွေ၊ အကိုးအကား၊ သုတေသန စတာတွေဟာ အခြေခံလဲ ဖြစ်တယ်၊ မှန်-မမှန်ရဲ့ “ပေတံ” လဲ ဖြစ်တယ်။ နောက်တမျိုးကတော့ အနှစ်နှစ် အလလက ကိုယ်တိုင် တွေ့ရ-ကြုံရတာတွေ။ တယောက်ထဲကနေ အများကြီးကို တွေ့လာတာမျိုးပါ။ ကျမ်းမတိုက်ဘဲ ရေးကြ-ပြောကြတယ်။ လက်မခံလဲ ဗွေမယူတာမျိုး။

သုတေသနပေမဲ့ ဗွေယူချင်စရာတွေ ရှိတယ်။ ရှေ့နောက် မညီတာ မကြာခဏ တွေ့ရတတ်တယ်။ ဆိုပါစို့ တလောက “ငရုပ်သီး စားရင် (ကယ်လိုရီ) သုံးပြစ်တာမို့ အလေးချိန် လျော့စေတယ်” တဲ့။ နောက် တဖက်ကနေ ကြည့်ရင် အစပ်တို့ ဟင်းခပ် အမွှေးအကြိုင်တို့မှာ အာဟာရတန်ဘိုးဆိုတာ မည်ကာမတ္တသာ ပါပေမဲ့၊ သူ့အစွမ်းက စားချင်စိတ်ကို ဆွပေး-ခြူပေးနိုင်လို့ စားဝင်စေတယ်။ စားတော့ ဝတာပေါ့။ ဘာကို ယူမလဲ။ အစပ်မပါရင် စားမဝင်သူတွေ အများကြီးထဲ ကျွန်တော်လည်း ပါတယ်။ ခရီးက သွားရဖန်များတော့ နေရာဒေသတွေ အကြောင်း နောကျေနေလို့ ဥရောပ ဘယ်နေရာ သွားသွား ငရုပ်သီးကို ငါးခြောက်နဲ့ ဖြစ်ဖြစ်၊ ငါးပိနဲ့ ဖြစ်ဖြစ် ကျော်လှော် ယူသွားမှ စားရတာ တင်းတိမ်တယ်။ (ကျူနာ-ဆင်းဒဝစ်ရှ်) ကိုလဲ ဒါလေးနဲ့ တွဲစားလိုက်တာဘဲ။

Social Science လူမှုရေးသိပ္ပံ ပညာရှင်တွေကနေ ဂဃနဏ လေ့လာပြီး၊ သီအိုရီ ဖြစ်ဖြစ်၊ ကောက်ချက်ဆွဲတာဖြစ်ဖြစ် လုပ်တယ်။ ပါမောက္ခ တဦးကနေ အဲလိုလုပ်ပြီး၊ ရေးလိုက်တာဟာ အမြဲတန်း မမှန်နိုင်ဘူး။ မှားသွားရင် နောက်တခါ ဂဃနဏ လေ့လာပြန်ပြီးသကာလ၊ စာတအုပ် ထပ်ထုတ်နိုင်တယ်။ နိုင်ငံရေးသမားတဦးဟာ တခါ လွဲသွားရင် “မြောင်းထဲ ရောက်သွားပြီ” လို့ ပြောတတ်ကြတယ်။ သိပ္ပံမှာတော့ (ဒါဝင်) တို့ (နယူတန်) တို့ကို လှန်ဘို့ မလွယ်သေးဘူး။

ဆေးပညာမှာ “တနေရာနဲ့ တနေရာ ဘယ်ဟာမှ မတူပါလား” ဆိုတာ ပြောချင်တယ်။ ဗမာပြည်မှာ ဘာတွေ ပေါလဲ။ မြွေ ပေါတယ်။ ငှက်ဖျား များတယ်။ ဘာတွေ ရှားလဲ ဆေးကောင်း ရှားတယ်။ စားကောင်း သောက်ဘွယ် ဝယ်နိုင်သူ မများဘူး။ တခြား တိုင်းပြည်တွေမှာ ဗမာမြွေ မရှိလို့၊ မြွေဆေးကို ဗမာပြည်မှာ ထုတ်မှ ထိရောက်ပါတယ်။ သူများဆီမှာ 3D computer graphics လုပ်နေကြချိန်၊ ကျွန်တော်တို့ဆီမှာ ရှိတဲ့ 3D ဆိုတာက (TB, Malaria, HIV-AIDS) ရောဂါကြီး သုံးမျိုး။ အသံထွက်ဘဲ တူတယ်။ အနောက်နိုင်ငံတွေမှာ ဆရာဝန်တွေကို TB အကြောင်း သိပ်သင်မပေး ကြတော့ဘူးတဲ့။ မြန်မာပြည်က ဆေးကျောင်းသားများ သိပ်ကံမကောင်းကြပါ၊ ရောဂါတခု ပိုသင်နေကြရရှာတယ်။

အညာဒေသရဲ့ တခြမ်း၊ ချင်းတွင်းမြစ်ဝှမ်းမှာ တာဝန်ကျခဲ့တာ များလို့ ဒီဒေသမှာ ဘာတွေ ပေါပြီး၊ ဘာတွေ ရှားလဲ ကောင်းကောင်း သိတယ်။ လက်လှမ်း မဝေးတဲ့ အညာဧရာဝတီဘေးက အခြေအနေလဲ တီးမိ ခေါက်မိပါသေးတယ်။ ခုတော့ မြန်မာပြည် အနောက်ခြမ်းနဲ့ မြောက်ခြမ်းက လာတဲ့လူတွေနဲ့ အတူနေရ၊ ဆေးကုပေးရ လုပ်ရပြန်တော့ အသိသစ်တွေ တိုးလို့လာ ပြန်တယ်။ ရောဂါတွေ၊ ဝေဒနာတွေ။ ဖြစ်နေကြတာတွေနဲ့ ဖြစ်အုံးမှာတွေ။

လူတွေကို ရစေတဲ့ ရောဂါဘယတွေကလဲ နေရာမတူရင် ကွဲပြားကြတာဘဲ။ ကံ နဲ့ စိတ် ကို အသာထား၊ ဥတု နဲ့ အာဟာရမှာ ကွာခြားသွားကြလို့ဘဲ။ ရောဂါပိုး အမျိုးမျိုးတွေကလဲ လူနဲ့ သိပ်တူကြတာ။ ရေကြည်ရာ မြက်နုရာ သိပ်ရှာတတ်ကြတာကလား။ မတူတာက ပိုးတွေ၊ အကောင်တွေဟာ လူတွေလို ဗီဇာမလိုဘဲ ဟိုနိုင်ငံ၊ ဒီနိုင်ငံကို ကူးခွင့် ရှိတယ်။ ဒီပြည်-ပြည်နယ်တွေက စကားမတတ်လဲ စားဘို့ သောက်ဘို့ မခက်ဘူး။ ယဉ်ကျေးမှု မတူတာ အပထား၊ တွေ့တဲ့သူနဲ့ ညားလို့ရတယ်။ ဘာသာရေး ဘေးချိတ်။ ဥပုသ်၊ တနင်္ဂနွေ၊ သောကြာ ဘာမှလိုတာ မဟုတ်ပါ။

ကနေ့ခေတ်မှာ အသားအရောင်၊ လိင်၊ ဘာသာရေး၊ အသားအရောင်၊ လူမျိုးရေး၊ ခွဲခြားတာမှန်သမျှ တိုက်ဖျက်ရေးဟာ နားမခံနိုင်အောင် ကျယ်လောင်လှတယ်။ သူတို့ဘဲ ပေါင်းကြတယ်၊ ယူကြတယ်၊ နောက် ဆဲကြတယ်၊ ကွဲကြတယ်။ လူ့သဘာဝကနေ ပိုးမွှားသဘာဝဆီ ဦးတည်နေပါသလား။

မြေပုံမှာ နိုင်ငံရယ်၊ တိုင်းရယ်၊ ပြည်နယ်ရယ်၊ နောက်ဆိုရင် ကိုယ်ပိုင်ဆိုလား သူပိုင်ဆိုလား၊ ဘာတွေ ဘယ်လိုခွဲခွဲ၊ ရောဂါ-ဝေဒနာတွေကိုတော့ အမိန့်အာဏာနဲ့ ဖိနှိပ်-တားမြစ်ဖို့ ခက်ပါတယ်။ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းမှာရှိတဲ့ ကျန်းမာရေး ပြဿနာတွေလည်း ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ် နဲ့ နာဂတောင်တန်းက လူတွေမှာ ရှိကြတယ်။ သွေးအား၊ ဗီတာမင် နည်းတာတွေ တူတယ်။ စိတ်သောကတွေ တူတယ်။ လိင်ကနေ ကူးစက်ရောဂါတွေ တူတယ်။ ဝမ်းလျော-ဝမ်းပျက် တူတယ်။

မတူတာတွေလည်း ရှိပါသေးတယ်။ သူတို့ဆီမှာ အဆိပ်ပါတဲ့မြွေ မရှိဘူး။ မွေးစကလေး မေးခိုင်ရောဂါ၊ အရင်က မကြာမကြာ တွေ့ခဲ့တယ်။ ဒုက္ခသည် ဆေးခန်းမှာ လာမွေးတာ အခုထိ ကလေး ၂၅၇ ယောက်မှာ မေးခိုင်တဲ့ကလေး တရွေးသားမှ မတွေ့ပါ။ အထဲတုံးက ကလေးဖွါးပြီး၊ သားဦးဆိုရင် မအေမှာ နို့နာ ပေါက်တာ ၃ ယောက်၊ ၁ ယောက်လောက် အထိကို ကုပေးခဲ့ရတာ။ အခု အားလုံးပေါင်း ၃ ယောက်ထက် ပိုမတွေ့သေးဘူး။ ပြည်နယ်က လာသူတွေ အတော် ကောင်းပုံရတယ်။ “ကံ” ပြောတာ။ “မိခင်-ကလေး စောင့်ရှောက်ရေး” တော့ မသိပါ။

အထဲတုံးက Hydrocele မုတ္တ နဲ့ Hernia အူကျ ဆိုတာ ပေါသလား မမေးနဲ့။ ဆရာဝန်ဖြစ်စတွေ လက်တွေ့ သင်ဘို့ အကောင်းဆုံး ရောဂါတွေဘဲ။ မုံရွာ၊ မန္တလေး၊ စစ်ကိုင်းမှာ အစာအိမ်ပေါက်တာ ခဏခဏ ခွဲပေးရတယ်။ အခု ရှာမှရှား။ အူအတက်လည်း အထဲမှာ များပေမဲ့ အခု ၂ ယောက်စ၊ ၃ ယောက်စသာ ရှိတယ်။ ယောက်ျားလေး ငယ်ငယ်တွေ ဆီးအိမ်မှာ ကျောက်တည်တာ ငါန်းဇွန်-မြို့သာ-ပုလဲဘက်မှာ အတော်များတယ်။ ဒီမှာ တခါမှ မလာသေးဘူး။ ကလေးတွေမှာ ပန်းငုံတာ Phimosis ကြ ဒီက အတော်ကို ပိုများတယ်။ TB ကတော့ တိုင်းပြည်က ထွက်ပြေးလာလည်း မသက်သာပါ။ အထဲကနေ ပါလာတာရော။ အသစ်ကူးခံရတာရော။ ဘီပိုး၊ စီပိုး၊ HIV ဘယ်ဆီမှာ ဖြစ်ဖြစ် (အာရှတိုက်မှာ) အတူတူပါ။

သုတေသနတွေကို ပြန်ကောက်ပါရစေ။
“ဗီတာမင် B သည် နှလုံးရောဂါကို သက်သာစေသည်။”
“ဗီတာမင် E သည် အရက်မသောက်သူများတွင်ဖြစ်သော အသဲအဆီများရောဂါ ကုသရန် အလားအလာကောင်း။”
“ကိုယ်ဝန်ဆောင်စဉ် ဗီတာမင် D များများပေးခြင်းဖြင့် အချိန်စော မွေးခြင်းမှ တားဆီးနိုင်။”
“ပန်းနာရှိသည့်ကလေးများ ဗီတာမင် D နည်းခြင်းနှင့် ဆက်စပ်နေသည်။”
“ဗီတာမင် D သည် ခုခံအားကြောင့်ဖြစ်ရသည့် ရောဂါများအတွက်လည်း ကောင်းသည်။”

ဗီတာမင်တွေကို အမြဲအကောင်းတွေချည်းလို့ ထင်ကြ၊ သတ်မှတ်တြတယ်။ A များသွားရင်တော့ မကောင်းပြန်ဘူး။ C ကို များများ ပေးတာ ဘာမှ မဖြစ်ဘူးလို့ အစဉ်တစိုက် နားလည်ထားရာကနေ တနေ့ကဘဲ “ဗီတာမင် C နှင့် E များစွာ ပေးခြင်းသည် ကင်ဆာ ဖြစ်စေနိုင်။” လို့ သုတေသနတခု ထွက်လာပြန်တယ်။

“ကောက်ချက်ကို ခုန်ချသလို ဒရောသောပါး မလုပ်အပ်ဘူး။” လို့ ဆိုပါတယ်။ သုတေသနတွေကို အထူးပြု လေ့လာသူတွေက လွဲရင် ခေါင်းစဉ်သာ ဖတ်ပြီး၊ မှတ်ယူကြတာ များတယ်။ သတင်းသမားတွေဆိုတာက ဖတ်တဲ့လူကို ဖမ်းစားဘို့သာ အဓိကမို့ မျက်လုံးကျယ်၊ ပါးစပ်ဟစေအောင်သာ သုတေသနသတင်းကို ခေါင်းစဉ်နဲ့ ဆွဲဆောင် တတ်ကြတယ်။ စာတမ်းတခုလုံး မဖတ်ရင် တခါတလေ သုတေသန ဆိုလိုချက် ပျက်ရော။

သုတေသနဆိုတာ များများကို လုပ်နိုင်လေလေ အမှန်နဲ့ နီးစပ်လေ ဖြစ်တယ်။ ဒါတောင် ဘယ်သူတွေကို ဘယ်နေရာမှာ ဘယ်တုံးက ဘယ်လောက်များများကို သုတေသနလုပ်သလဲ လိုသေးတယ်။ ဥပမာ ယမုန်နာဆေးခန်းလေးမှာ ကလေးဖွါးတာကို စာရင်းချကြည့်ရအောင်။
• မွေးလူနာ ၅ဝ ယောက်ထဲကနေတွက်ရင် ယောက်ျားလေး ၄ဝ% နဲ့ မိန်းကလေး ၆ဝ%၊
• မွေးလူနာ ၁ဝဝ ယောက်ထဲကနေတွက်ရင် ယောက်ျားလေး ၄၃% နဲ့ မိန်းကလေး ၅၇%၊
• မွေးလူနာ ၂၅၇ ယောက်ထဲကနေတွက်ရင် ယောက်ျားလေး ၄၇့၇% နဲ့ မိန်းကလေး ၅၂့၃%၊

ဒီကိန်းဂဏန်းတွေက မြန်မာနိုင်ငံသားတွေကို ကိုယ်စားပြုတယ်လို့ ပြောလို့ မရဘူး။ ကျွန်တော့် လူနာတွေရဲ့ ၉ဝ% ဟာ ချင်းလူမျိုးတွေမို့ ချင်းတွေဆို ဒါမှန်တယ်လို့ ပြောတာလဲ တစိတ်တပိုင်းသာ မှန်သေးပြန်တယ်။ ဒေလီမှာ နေကြရတဲ့ ချင်းလူမျိုးတွေဟာ ချင်းတောင်မှာ နေကြရတုံးကလို၊ နေရ၊ စားရတာ မတူပြန်လို့၊ စိတ်နဲ့ ရုပ်ပေါ်အပေါ်မှာပါ ကျန်းမာရေး စောင့်ရှောက်မှု ရတာတွေမှာပါ မတူကြပါ။

ချုပ်လိုက်ရင် တိတိကျကျ သုတေသန ဆိုတာတွေနဲ့ အနှစ်နှစ်အလလ ကိုယ်တွေ့တွေ ပေါင်းစပ်နိုင်ရမယ်။ “များ-များလာတဲ့ အတွေ့အကြုံတွေကိုလည်း အားကိုးပါ။ သုတေသန ဆိုတိုင်းလည်း ကိုင်းရှိုင်းဘို့ ဆန္ဒမစောပါနဲ့။” သုတေသနတွေကိုလည်း သတင်းရောင်းစားတာထက်မက အလေးအနက် လေ့လာရပါမယ်။

Dr. တင့်ဆွေ
၉-၅-၂ဝ၁ဝ

1 comment: