Mar 14, 2011 at 9:07 PM
ဆရာက ဆရာဝန်-စာရေးဆရာလားဟင်။ လေးစား အားကျလိုက်တာ။ ဆရာ့ဘလော့တွေ အလကား ဖတ်ခွင့်ရတာ ကံကောင်းလိုက်တာ။ ဆရာနဲ့ ထိတွေ့ခွင့်ရအောင် ဖန်တီးပေးတဲ့ ဒီဆိုက်လေးကိုရော စေတနာထားတဲ့ ဆရာ့ကိုရော ကျေးဇူးတင်ပါတယ်။ စာရေးဆရာ တစ်ယောက်ဖြစ်ဖို့ ဘယ်အချက်က အဓိကကျသလဲဆိုတာ ဆရာအားမယ်ဆိုရင် ယိင်းစမ်ကို ဆွေးနွေးပေးဖို့ တောင်းဆိုပါတယ်ရှင်။
ဆရာဝန်တော့ ဟုတ်တယ်။ ဆေးစာတွေလဲ ရေးပါတယ်။ ဒါကလဲ အခုလိုသာ (ဘလော့ခ်) မှာ ရေးတာပါ။ တခြား ဘာသာရပ်ကိုတော့ ပုံနှိပ်တာရော၊ (အင်တာနက်) စာမျက်နှာတွေမှာပါ ဖေါ်ပြကြတာတော့ ရှိတာပေါ့။ အဲဒီ အကြောင်းအရာကို မြန်မာလို မရေးရတာ များတယ်။ ကိုယ်ဖတ်စေချင်တာက တခြားလူမျိုးတွေ ဖြစ်နေကြလို့ပါ။
စာလဲ ဖတ်ပါတယ်။ ငယ်ငယ်ကတည်းကနေ အခုထိပါ။ သာသာရပ်လဲ အမျိုးအစား မနည်းလှပါ။ သုတ၊ သမိုင်း၊ ကိုင်းရှိုင်းရမဲ့ ဘာသာရေး၊ ဗမာလိုရေးတာ၊ အင်္ဂလိပ်လိုရေးတာ၊ အစုံပါဘဲ။ သိစရာတွေက ကြာလေများလေ။ ဒီတော့ ဖတ်တာ မများသေးဘူးလို့ သိလာတယ်။
စာတအုပ်-စာတပုဒ်ကို နောက်တခါ ထပ်ဖတ်ရင် မတူတာ သိကြပါမယ်။ ဆေးစာတွေကို ရေးတာမှာတော့ ထူးခြားတာ ရှိတယ်။ ဆေးပညာက တိုးတက်ပြီး၊ အသစ်တွေ သိလာနေတာမျိုးထဲမှာ ပါတယ်။ ဒီတော့ အရင်က ရေးထားတာကို ပြန်ဖတ်ရင်း ပြန်ချောနေမှ၊ ပြန်ပြင်နေမှ စာက လတ်ဆတ်ပြီး၊ အမှန်နဲ့ ပိုနီးစပ်မယ်။ ဆေးပညာ-စာတပုဒ်ဟာ နှစ်လ ရှည်ကြာ ခံမယ် မထင်ပါ။ ဂန္တဝင်လဲ ဖြစ်မှာ မဟုတ်ပါ။
ဝါသနာလို့ ခပ်လွယ်လွယ်ပြောရင် ဆေးကုရတာဟာလဲ စွဲလမ်းမှု၊ ဆက်ပြီး လုပ်ချင်နေတာတခု ဖြစ်ပါတယ်။ ကံတရားက (အမှန်က ရွေးချယ်မှုပါ) အဲလို မလုပ်သာတဲ့ အခြေအနေမှာ ဘယ်လိုလုပ်ရင် ကောင်းမလဲ စဉ်းစား-ကြံဆရာကနေ လက်လှမ်းမီသူတွေကို ဆေးကုပေးဘို့ ဖြစ်လာတော့တယ်။
ဒုက္ခသည်တွေကို ဆေးကုရာမှာ စေတနာနဲ့ လာကူသူတွေကို စာသင်ပေးဘို့ အင်္ဂလိပ်လိုသာ ရှိတဲ့ ဆေးစာတွေကို သူတို့တတွေ နားလည်လောက်မဲ့ အဆင့်လောက် မှန်းပြီး၊ ဘာသာပြန်ရတာကနေ ဆေးစာဆိုတာတွေ စလာခဲ့ပါတယ်။ နားလည်လောက်မယ့် ဆိုတာကို မှန်းဆရတာ ပညာတခုပါ။ ရေးဖန်များရင် အရေးစွမ်းရည် တတ်သူတွေ ရှိပေမဲ့ အခုလို ဆေးစာမှာ သိပ်သွက်လို့ မကိုက်ဘူး။ ၁ဝ တန်း အောင်သူ-မအောင်သူ၊ ဘွဲ့ရသူ၊ ဗမာစကား နဲနဲပါးပါးသာ တတ်သူ၊ အခြေခံ မတူကြပါ။ လူအများကို ခြုံမိနိုင်အောင် ကြံဆရတယ်။ အလင်္ကာတွေပါရင် ဘာတွေလဲ သိကြမှာ မဟုတ်ဘူး။
စကားဖလှယ်ရတာကို အခြေခံ၊ မှန်ယုံနဲ မပြီးပါ။ ဖတ်ရင်လဲ သဘောပေါက်၊ နောက်လဲ မှတ်မိနေမှ။ အသုံးအနှုန်းကလဲ ယဉ်လောက်မှာ ရှာရတယ်။ အရေးမတတ်လဲ ဆဲသလို ဖြစ်မယ်။ တခြားစာတွေကို ရေးရတာထက် တာဝန် ပိုသေးပြန်တယ်။ ဖတ်တဲ့ သူကို ဆေးကုတာမျိုးလဲ ဖြစ်နေတော့ ရသမြောက်ရေးထက် ရောဂါ သက်သာရေးက ဆေးစာရေးသူရဲ့ ဦးတည်ချက် ဖြစ်ရတယ်။
တချို့စာရေးဆရာတွေက နုတ်တိုက် ချပြောပေးတာနဲ့ ပုံနှိပ်စာအုပ် ဖြစ်နိုင်ကြတယ်။ တချို့ဆရာတွေက ကိုယ်တိုင် လက်နဲ့ရေး၊ ဒါမှမဟုတ် လက်နှိပ်စက်နဲ့ ရိုက်ကြတယ်။ ခုခေတ်မှာ (ကီးဘုတ်) ဖြစ်လာသလို၊ အသံဖမ်းစက်နဲ့ (ဒစ်တိတ်) လုပ်ကြတာလဲ မြင်ဘူးတယ်။ စာတအုပ် ဖြစ်လာအောင် အယ်ဒီတာလို ကြွမ်းကျင်သူတွေက ဝိုင်းကူ-ဖြည့်ဆီးပေးကြတော့ အကောင်းစားတွေ ထွက်လာတော့တယ်။ ကိုယ့်ဆေးပညာစာ ဆိုတာတွေက အဲလောက် ကံမကောင်းဘူး။
ကိုယ်ရေးတာ ကိုယ်တိုင် စာရိုက်၊ ကိုယ်ဘဲ (ပရုဖ်) ဖတ်၊ သတ်ပုံပြင်၊ ဆိုတော့ ဒီလိုလုပ်ရတာ ဘာခေါ်မလဲ။ “ခေါ်တာက အရေးမကြီးပါဘူး” ရေးလိုက်ရင် “သူ့ကိုယ်သူ နှိမ်ချသူဆိုတဲ့ ချီးမြှောက်မှု မှတ်ချက်ကို လိုခြင်သူ” လို့ ထင်သွားနိုင်တယ်။ နောက်ပြီး ဒီလိုလုပ်ရတာကို အရေးကြီးတယ်လဲ ထင်ပါတယ်။
ကျည်လွတ်-နယ်မြေမှာ လွတ်လပ်ပါတယ်။ အထဲမှာတော့ (ဆင်ဆာ) ဆိုတာ (ဆန်ခါ) လို မဟုတ်ဘဲ၊ ရောဂါ ရနေတဲ့ ကျောက်ကပ် နဲ့ ပိုတူတယ်။ အသုံးကျမှာတွေကိုပါ စွန့်ထုတ်ပြစ်တော့ (ဆင်ဆာ) လွတ်တာသာ ဖတ်ရသူတွေဟာ တခါတခါ အခွံအကာသာ စားကြရသလို နေတယ်။ ကြာရင် Malnutrition အာဟာရချို့တဲ့တာ ဖြစ်လာနိုင်တယ်။
(ဘလော့ခ်) မှာရေးတော့ ဖတ်မိသူတချို့ကနေ တုံ့ပြန်တာမျိုးလဲ တွဲနေတယ်။ လူတွေက အမျိုးမျိုး၊ ယဉ်ကျေးတဲ့ ဒီဂရီ မညီကြဘူး။ နေရာမရွေးဘဲ နင်ပဲငဆပြောတတ်သူလဲ ရှိတယ်။ ကိုယ်ကနေ ဝေဖန်ချက်ပေမဲ့ သူတိုင်းကို ကိုယ့် လည်ပင်းဖက်ချည်း မှတ်သူတွေ ရှိတယ်။ ဘုန်းကြီးရေးတာလဲ မိန်းကလေးထင်သူက ထင်သတဲ့။ ဖတ်တဲ့သူတွေလိုပါဘဲ၊ ရေးတဲ့သူတွေကလဲ ငါ့စကားနွားရသူတွေကလဲ ရှိနေတာကိုး။
စာနဲ့လဲ ဆေးကုရရင် ကောင်းမှာဘဲလို့ အကြံရလာပြန်တော့ မေးတာလေးတွေ ပြန်ဖြေဘို့ ရေးရတာ ဖြစ်လာပြန်ရော။ ပညာပေးတွေ အတော်အသင့် ဖတ်ဘူးခဲ့တယ်။ ကျန်းမာရေး-ပညာပေးလဲ အပေးခံရဘူးသလို ပေးဘူးတာတွေလဲ ရှိတယ်။ ထိရောက်တယ် မထင်တာက များတယ်။ ကျောင်းသားဘဝမှာ သင်ပေးတဲ့စာကို နားမလည်တာ၊ နားမစွဲတာတွေ ရှိဘူးတာချည်း ထင်ပါတယ်။ ကိုယ်က သင်ပေးရတဲ့ဘဝ ရောက်တော့ အဲလိုမဖြစ်အောင် ကြိုးစားမှု ပိုကြရပါလိမ့်မယ်။
စာရေးဆရာ၊ ကဗျာဆရာများ ဈာန်ဝင်မှ စာရေးကြတယ်လို့ ဖတ်ဘူးတယ်။ ဆေးပညာစာကို ရေးတော့ အဲလို ဈာန်ရဘို့ မလိုတာဘဲ ထင်ပါရဲ့ မေးတဲ့သူရှိရင် ရေးထွက်နေရတယ်။ ဒါပေမဲ့ စေ့ဆော်မှု ရှိရပါတယ်။ သင်ဆရာတွေဆီကနေ စာစီစာကုံး ရေးနည်း သင်ယူခဲ့ဘူးတယ်။ ဖတ်တာတွေဟာ မြင်ဆရာတွေ ဖြစ်ကြတယ်။ သူများတွေ ဟောကြ ပြောကြ တာတွေလဲ ကြာဘူးတော့ ဆရာစုံတယ်ပေါ့။
ဖန်တီးမှု လို့တော့ မခေါ်ထိုက်ပေမဲ့ စာတပုဒ်ကို တည်ဆောက်ယူရပါတယ်။ ဒီရောဂါ ဒါ့ကြောင့်ဖြစ်၊ ဒီဆေးသောက်၊ ဒါရှောင်၊ ဒါဆောင်၊ ၁၊ ၂၊ ၃၊ ၄ ရေးလဲ ဖြစ်တော့ ဖြစ်ပါတယ်။ တခါတလေလဲ အဲဒီ ပုံသေနည်း သုံးရပါတယ်။ ဖုတ်ပူ-မီးတိုက် သိချင်နေသူတွေအတွက် အဲလို ဆေးညွှန်းစာရေးသလိုမှ ကောင်းတယ်။ တကိုယ်လုံး ယားယံနေပါတယ်ဆိုမှ ဆရာဝန်က ခြေဆင်းတွေရှည်၊ ကာရံတွေ ရှာနေရင် သူ့ခမြာ ဝေဒနာ တာရှည်နေမှာပေါ့။
စကားပြောတာဖြစ်ဖြစ်၊ စာရေးတာဖြစ်ဖြစ် ပင်ကိုယ်ဟန်တွေ ကိုယ်စီရှိတတ်ကြတယ်။ ကျွန်တော်က မြောက်တာ မမြောက်တာထား၊ ဟာသလေး နှောလိုက်ခြင်တယ်။ Sense of humor ကို ပြောတာပါ။ တချို့က Satire သရော်စာ ထင်ပြီး သရော်စာလဲ မမြောက်ဘူးလို့ ဝေဖန်တာ ခံရဘူးတယ်။ ကဲရဲ့တာပေမဲ့ ကြိုက်ပါတယ်။ အဓိပ္ပါယ်ဖွင့်တာ သေခြာကြည့်ပါ Satire ဆိုတာ လူတဦးဦး-အကြောင်းအရာ တခုခုကို Scorn, Derision, or Ridicule ဆဲရေး-တိုင်းထွာ၊ ရှုတ်ချတာကို ခေါ်တယ်။ Humor ဆိုတာက Amusing, Comical, Incongruous, or Absurd ပျော်စေ-ပျက်စေ၊ ကလက်စေသဘောသာ ဖြစ်ပါတယ်။
ဘာကို ရေးရေး ကလောင်နာမည်ဆိုတာ မသုံးတတ်ပါ။ မိဘနှစ်ပါး ပေးတဲ့နာမည်၊ အစိုးရ-ဂေဇတ်ပါ နာမည်အတိုင်း ရေးပါတယ်။ တချိန်ကျရင် ဒါဘယ်သူ့လက်ရာ သိကြမှာပါဘဲ။ ဒီတော့မှ ချီးမွမ်းစရာဆို ထားပါ။ ထောက်စရာ ငေါက်စရာ တွေ့ရင် ဒါ ဘယ်သူ့ သားသမီးလဲ၊ ဘယ်ဆရာ့ တပည့်လဲဆိုရင် ကိုယ့်အတွက်နဲ့ မိဘတွေ၊ ဆရာတွေပါ ထိခိုက်နေမယ်။
ဆေးပညာ-စာရေးသူ (၄) http://my-sayawun-life.blogspot.in/2012/08/blog-post.html
အစိုးရ သတ်ပုံတော့ ပြောမနေနဲ့ http://my-sayawun-life.blogspot.in/2012/12/blog-post.html
ဆေးပညာ-စာရေးသူ (၃) http://my-sayawun-life.blogspot.in/2011/04/blog-post.html
ဆေးပညာ-စာရေးသူ (၂) http://my-sayawun-life.blogspot.in/2011/03/blog-post_20.html
Dr. တင့်ဆွေ
၁၅-၃-၂ဝ၁၁
No comments:
Post a Comment