ဆေးပညာ စာလေးတွေ ရေးနေ-ဖြေနေရင်းနဲ့ စာရေးတဲ့ အတတ်ပညာ သင်ယူနေရတယ်။ စာမရေးခင် စာသင်ရတယ်၊ စာဖတ်ရတယ်။ သင်ဆရာဆိုတာ ၁ဝ တန်းအထိ လူတိုင်း တူကြတာ များပါတယ်။ ဝိဇ္ဇာရယ် သိပ္ပံရယ် အခွဲခံရသူတွေမှာ နဲနဲမတူတာ ရှိလာတယ်။ ခုတော့ မပြောတတ်ပါ၊ အရင်ခေတ်က ၁ဝ တန်း အောင်ပြီး၊ နောက်ထပ် ၂ နှစ်အထိ မြန်မာစာကို သင်ကြရသေးတယ်။ “ဆေးကျောင်း တက်နေတာ ဘာလို့ မြန်မာစာက လာသင်ရတာလဲ” ဆန်းစစ်သူတွေ၊ ငေါ့သူတွေ ရှိခဲ့တယ်။
မြင်ဆရာ ကြားဆရာတွေဆိုတာ အသက်ရလာလေလေ တိုးများလာလေလေပေါ့။ “ကျွဲပါး-စောင်းတီး”ဆိုတဲ့ စကားပုံက ရှေးကတည်းက ရှိခဲ့တာမို့ အခုခေတ်နဲ့ မဆီလျှော်တော့ဘူးလို့ မပြောထိုက်တာတွေထဲက တခုပါ။ အနားမှာ စာအုပ်တွေ၊ စာအကြောင်း-ပေအကြောင်း ဟောသူ-ပြောသူတွေ၊ အနမတဂ္ဂ မရေအတွက်နိုင်အောင် များနေပေမဲ့ ကိုယ်နဲ့ မဆိုင်သလို၊ မတူမတန်သလို နေသူတွေလဲ ဖောခြင်း-သောခြင်း ရှိတယ်။ အနားမှာ မရှိလဲ “ယူသော်ရ၏”။
အထက်တန်းစာတွေကို ကောလိပ်ထိ သယ်မလာသူတွေ ရှိသလိုဘဲ၊ ကျောင်းသားဘဝက လွတ်ပြီ-ကျွတ်ပြီ၊ ကျောင်းမှာ သင်တာတွေ ကျောင်းမှာသာ ထားခဲ့သူတွေလဲ မနည်းလှဘူး။ ဆေး-စက်မှု ပညာတခုခု အာရုံစိုက် သင်ရသူတွေမှာ မြန်မာစာတို့ သမိုင်းတို့နဲ့ ရှင်ခွဲခွဲလိုက်ကြသူတွေက များတယ်။ အမြင်မှန်လို့ ပြန်ပေါင်းထုတ်သူတွေလဲ ရှိတာဘဲ။
စာသင်တာမှာ အဲလို ကွာကြသလို စာဖတ်တာမှာလဲ မတူကြပြန်ဘူး။ အကြမ်းပြောရရင် ငယ်တုံးက ဖတ်ချင်တာ၊ လူပျိုပေါက်-အပျိုရွယ်မှာ စိတ်ဝင်စားတာ၊ အပေါင်းအသင်းကနေ တိုက်တွန်းတာ၊ ဗီဇအထုံအရ အနားက လူတွေနဲ့ မတူ ထူးပြီး၊ ရွေးဖတ်ချင်လာတာတွေဟာ ကြာလေ ကွဲပြားလာလေ ဖြစ်တယ်။ စာတွေကလဲ နယ်ပယ် ကျယ်ပြောလွန်းလှတယ်။ ပင်လယ်ကြီးလို့ တင်စားတာဟာ ကားပြောတာ မဟုတ်ပါ။
ကိုယ့်နယ်ကို ကန့်သတ်သူတွေက များမယ်ထင်တယ်။ ဒီလိုင်းကနေ ဟိုလိုင်း မကူးကြဘူး။ “အနီလိုင်းသမား” တွေက အနီကလွဲရင် အရောင်လို့ မထင်သူက များလွန်းလှတယ်။ ဖတ်တဲ့သူတွေသာ မကပါ။ စာရေးဆရာ နာမယ် ပြောတာနဲ့ ဘာလာတော့မယ်ကို မှန်အောင် မှန်းတတ်ကြတာ များတယ်။ ပုံနှိပ်စက်တင်၊ ထုတ်ဝေ ရောင်းချသူတွေကလဲ လုံးချင်း မဟုတ်ရင် “စားသုံးသူ ကြည့်ပြီး ပစ္စည်းတင်ရောင်းတဲ့ ကုန်စုံဆိုင်” လို လုပ်ကြရတယ်။ ထွေးခံလဲရောင်း၊ ဆေးလဲရောင်းတာကမှ တော်သေးမယ်။ ငါးမျှားချိတ်နဲ့ သပိတ် တွဲရောင်းတာတော့ ကြည့်ကောင်းဘူး။
“မဂ္ဂဇင်း” ဆိုတာ အင်္ဂလိပ်-စကားလုံးကနေ တိုက်ရိုက်ယူထားတာပါ။ မြန်မာစကားလုံး အစစ်တိုင်းမှာ သူ့အဓိပ္ပါယ်နဲ့သူ ရှိတယ်လို့ အသင်ခံရ၊ မှတ်သားရ ဘူးတယ်။ မွေးစားသားကို ဇာတိ မလိုက်ကြတတ်တာ များမယ်။ “သေနပ်-ကျည်ကပ်”၊ “စစ်သင်္ဘောလို ရဲတိုက်လို အဆောက်အဦတွေမှာ ပစ္စည်းသိုလှောင်တဲ့ အခန်း”၊ “ကင်မရာထဲက ဖလင်ထားတဲ့ နေရာ”၊ “စက်ကြီးတွေမှာ လိုတာထည့်စရာ”၊ ဆိုတဲ့ အဓိပ္ပါယ်ဖွင့်ချက် အမျိုးမျိုးကို လှန်လှော ရှာမနေသူတိုင်းက မဂ္ဂဇင်း ဆိုတာ ဝတ္ထု၊ ကဗျာ၊ ကာတွန်း၊ ဆောင်းပါး၊ အမျိုးအစားတွေ အစုံပါပြီး ပုံမှန် ထုတ်ဝေတဲ့ စာအုပ်လို့သာ မှတ်ကြမယ်။
စာဖတ်သူတိုင်း မဂ္ဂဇင်းကို လှန်ဖြစ်ကြပါတယ်။ စာရေးဆရာ အတော်များများလဲ မဂ္ဂဇင်းမှာ နာမယ်ရပြီးမှ ကိုယ့်နာမယ် တလုံးထဲ သုံးနိုင်တဲ့အဆင့်ကို တက်ကြတယ်။ မဂ္ဂဇင်းမှာ စာစရေးသူတွေကို ကလောင်-သွေးသူတွေလို့ အတန်းအစား တခု သတ်မှတ်ပေးခံရတယ်။ အင်္ဂလိပ်လို Newcomer ခေါ်တယ်။ ၁ဝ ပြားတန်ကနေ တက်လာသူ၊ ပြား ၆ဝ တန်ကနေ အောင်မြင်သူ ဆိုပြီး ဂုဏ်ပုဒ်ရကြတဲ့ စာရေးဆရာတွေ ရှိလာစေတယ်။
ဒီတော့ မဂ္ဂဇင်း ဖတ်ရတာက အမျိုးအစားသာ စုံတာ မဟုတ်ဘဲ၊ အနု-အရင့်လဲ မတူတာတွေ ရောနှောထားတာမို့ ဘုန်းကြီးဆွမ်းပွဲလို တနပ်ထဲမှာ အမျိုးစုံ ရောစားရသလို ဖြစ်စေတယ်။ စားပွဲရှေ့ရောက် ကျွေးတဲ့ ဟင်းခွက်တွေကို ကုန်အောင်တော့ နှိုက်ကြတာ များတယ်။ အစပ်တည့်တဲ့အခါတော့ မြိန်မှာပေါ့။ တခါတလေ အစာမကျေလဲ ဖြစ်တာဘဲ။ စိတ်တိုသူတွေဆို စားပွဲကို ကန်ပြစ်ချင်ကြတယ်။
စာဖတ်ရင်းနဲ့ ပြောင်းလဲလာတာတွေ သတိထားမိလာတယ်။ အသစ်တွေက ဆန်းလာတာတွေ ရှိသလို အရင်လောက် သဘောမပေါက်နိုင် ဖြစ်လာတာတွေလဲ တွေ့ရတယ်။ သူများကို အပြစ်ရှာတာက မကောင်းပေမဲ့ အတော်လွယ်တယ်။ နမူနာ တချို့တော့ ပေးပါရစေ။ ၂ဝ၁၁ မေလထုတ် ဆိုတာ နောက်ဆုံးထုတ်ပါ။ ၁၉၃၇ ဒဂုံမဂ္ဂဇင်းပါ သန်းထွန်း ကလောင် နာမည်နဲ့ ရေးတဲ့ “မြန်မာရာဇဝင် လမ်းကွေ့ လမ်းကောက်” ကို ပြန်ပြီး ထုတ်ဖေါ်ပေးတာ တန်ဘိုးရှိလှတယ်။ ဒါပေမဲ့ “ပဒေသရာဇာ ရေးထန်းတက်သမား အကြောင်း” လို့ စာရိုက်ထားတယ်။ “ရေးမြို့က ထန်းတက်သမား” လို့ ထင်ကြလိမ့်မယ်။ ထားဝယ်တို့ ရေးတို့မှာ ထန်းပင်ကို အရုပ်ရေး ကြည့်ရတာ။ “နွေဦးကာလ၊ မြူထသောအခါ၊ ရင်းထောင်း ရင်းဆွဲ၊ ဆောင်မြဲအိုးလွယ်ကာ၊ ဓားနှီးထက်စွာ၊ ခါးမှာချပ်လျက်၊ ထန်းပွင့်ထန်းခိုင်၊ ရွှန်းမြိုင်မြိုင်၊ ကလိုင်သာ လွယ်လို့ တက်သည်နှင့်လေး။” တျာချင်းကို သီချင်းလုပ်ဆိုတာမျိုး ခုခေတ် လူရွယ်တွေ နားမထောင်ရလောက် တော့ဘူး။
နောက်ပြီး “စလေဦးပုည ရေးသော ကဝလ္လိယ တို့အကြောင်း” ဆိုတာလဲ ပါသေးတယ်။ အမှန်က “ကာကဝလ္လိယ” သာ ဖြစ်ပါတယ်။ ၂ဝ၁၁ မတ်လထုတ် မဂ္ဂဇင်းတအုပ်မှာ “ဆရာဇော်ဂျီ၏ ပြည်ထောင်စု သမိုင်းပုံပြင်များ” ကိုလည်း ဖတ်ရသေးတယ်။ “ကင်းဝန်မင်းကြီး နှင့် သံအဖွဲ့ဝင်များသည် လန်ဒန်တွင် အင်္ဂလိပ် ဧကရီ ဝိတိုရိယ ဘုရင်မင်းကြီးထံသို့ ဝင်၍” လို့ စာရိုက် ထားတယ်။ သမိုင်းမှာ “ဝိတိုရိယ ဘုရင်မကြီး” သာ ရှိပါတယ်။ တနေရာမှာလဲ အင်္ဂလန်နိုင်ငံက “ယော့ခ်မြို့” ကို မြန်မာမှု အဓမ္မပြုလိုက်တာ (အက်ဒ်ဝပ်) မင်းသား Duke of York ဟာ “ယောမြို့စား” ဖြစ်သွားတယ်။ မင်းသား (ဝီလီယမ်) နဲ့ (ကိတ်) တို့ မင်္ဂလာပွဲမှာ လာတက်သေးတယ်။
ကိုယ်ပိုင် (ဘလော့ခ်) မှာ ကိုယ့်ဖါသာ ရေးတာမျိုးလို စာပြင်ဆရာ မပါ၊ (ဆင်ဆာ) ဗလာမို့ ချွတ်ချော်တာကို နားလည် နိုင်ကြပါတယ်။ ခွင့်လွှတ်နိုင်ကြပါမယ်။
တိုင်းပြည်ထဲမှာ စာအုပ်မှန်သမျှ အဆင့်တွေ အများကြီး ကျော်ဖြတ်ရတယ်။ အရပ်သား-ပညာရှင် အယ်ဒီတာတွေ၊ စာပြင်ဆရာတွေ လက်ကနေ ဆန်ခါတင်ပြီးမှ စက်တင်-ပုံနှိပ် ထွက်လာရတယ်။ သူတို့ အထက်က အရပ်သား မဟုတ်တဲ့ (ဆင်ဆာ) အဖွဲ့၊ မြန်မာစာအဖွဲ့၊ သမိုင်းအဖွဲ့တွေက ဘာတွေကို ကြည့်ကြ၊ စစ်ကြသလဲ မသိလှပါ။ ဒါတွေ မကြည့်ကြတာတော့ သေခြာနေတယ်။ သတ်ပုံ မမှန်တာ အချက်အလက် မှားတာ၊ အကြောင်းအရာ လွဲတာ ဘာမှကိစ္စရှိပုံ မရဘူး။
ပညာရှာဆဲ လူငယ်တွေကို ကျက်အောင် ချက်မထားတဲ့ ထမင်း-ဟင်း ကျွေးနေကြသလိုဘဲ။ ရောဂါတွေမှာ နာတာရှည်က ပိုပြီး ဆေးကုရ ခက်တယ်။ ခေါင်း မကောင်းရင် ကိုယ်လဲ မကျန်းမာဘူး။
ဆေးပညာ-စာရေးသူ (၄) http://my-sayawun-life.blogspot.in/2012/08/blog-post.html
အစိုးရ သတ်ပုံတော့ ပြောမနေနဲ့ http://my-sayawun-life.blogspot.in/2012/12/blog-post.html
ဆေးပညာ-စာရေးသူ (၂) http://my-sayawun-life.blogspot.in/2011/03/blog-post_20.html
ဆေးပညာ-စာရေးသူ (၁) http://my-sayawun-life.blogspot.in/2011/03/blog-post.html
Dr. တင့်ဆွေ
၃ဝ-၄-၂ဝ၁၁
1 comment:
Hi your blogs looks so impormative and interesting.would you come and visit us back too
http://ads.com.mm/?cid=4fd9a687e4b0fa6db841e34f&utm_campaign=ads_mm_lb_blog_mgesc&utm_source=ads_lb_blog&utm_medium=lb_blog
Post a Comment