Tuesday, November 29, 2011

Doctor-patient relationship (2) ဆရာ-လူနာ ဆက်ဆံရေး (၂)

Wed, Oct 26, 2011 at 10:27 AM
ဆရာရဲ့ “လူနာဆရာဆက်ဆံရေး” အကြောင်း ဖတ်ပြီး၊ The Voice က Interview ကို ဆရာဘယ်လို မှတ်ချက်ပြုမလဲ ဆိုတာ သိချင်လာပါတယ်။ Link ပေးလိုက်ပါတယ်။

ပေးတဲ့ (လင်ခ်) ကို သွားလို့ မရပါ။ ဒါနဲ့ ရှာဖတ်ပါတယ်။

အူအတက်ရောဂါ၊ နှစ်ခါ ခွဲစိတ်ကုသရတာ နဲ့ လူနာ ကွယ်လွန်သွားရရှာတဲ့ သတင်းကို (ရေဒီယို) နဲ့ (အင်တာနက်) ကတဆင့် ကြားရ၊ ဖတ်ရပါတယ်။ လက်လှမ်း မီသလောက်ပေါ့။ မေးလာလို့တော့ ဖြေရမဲ့ တာဝန်ရှိတာမို့ ပြန်ဖြေပါမယ်။ ပုံနှိပ်ထုတ်ဝေဘို့ မရေးခဲ့သေးပါ။ ရေဒီယိုကလဲ မပြောခဲ့ပါ။

ကျွန်တော့်မှာ စည်းကမ်းတခု ရှိပါတယ်။ “ကိုယ့်အဖွဲ့အစည်းတွင်း ကိစ္စမျိုးကို အပြင်ကို ထုတ်ပြောသင့်မှ ပြောရမယ်” ဆိုတဲ့ လိုက်နာမှု တခု ကိုယ့်ဖါသာ ထားပါတယ်။ ဒီသတ်မှတ်ချက်မှာ အားကောင်းချက်ရှိသလို နစ်နာမှုလဲ ဖြစ်ရတာ ကိုယ်တွေ့ပါ။ ကိုယ့်ဘက်က ဘာမှ မပြောတော့ တဖက်ကဘဲ ပြောချင်ရာ ပြောတာတွေကို အကုန်မဟုတ်တောင် တဝက်လောက် ယုံသွားရင် မပြောသူမှာ အတော် နစ်နာတယ်။ ရေတိုသဘောပါ။ အမှန်ဆိုတာ တခါတလေ အချိန်ပေးရတယ်။

အခုအရေးက ဆေးပညာနဲ့ တိုက်ရိုက် ပတ်သက်တယ်။ ကိုယ်တိုင်က ဆရာဝန် ဖြစ်နေသလို လူနာလဲ ခဏခဏဖြစ်တာဘဲ။

ဘယ်အရေး ဘယ်ကိစ္စမဆို ဘယ်လိုမြင်တယ်ဆိုတာ လူတိုင်း စိတ်ထဲမှာ ဖြစ်ပေါ်တယ်။ တချို့က ထုတ်ပြောကြတယ်။ အနီးဆုံးက လူတွေသာမက နားထောင်သူတိုင်း ကြားနိုင်တဲ့ (မီဒီယာ)၊ ဖတ်သူတိုင်း သိမဲ့ စာနယ်ဇင်းတွေကနေ ပြောကြ-ရေးကြတယ်။ ဝစီကံတပိုင်း ကာယကံတပိုင်း ဖြစ်စေကြတယ်။

တွေးတောတာ၊ ဆင်ခြင်တာတွေဟာ လေ့လာမှုအသိ တိုးလာတာနဲ့အမျှ ပြောင်းလဲ လာတယ်။ ရင့်ကျက်မှု ရှိလာလေလေ စဉ်းစား တွေးခေါ်မှုလဲ ရင့်သန်လေ ဖြစ်သေးတယ်။ လူတိုင်းပါ။ ဒီတော့ ထုတ်ပြောတာမျိုး၊ ချရေးတာမျိုးကို တောင်းဆိုမှု အားကို မလွန်ဆန်နိုင်မှသာ လုပ်တာ ကောင်းတဲ့အကျင့်လို့ ထင်ပါတယ်။

စကားကြီး ခြောက်ခွန်းထဲက နှစ်ခွန်းကို ပြောအပ်တယ်ဆိုတာ ဖတ်ဖူး-မှတ်ဖူးသလို လိုက်နာနိုင်သလောက် လိုက်နာပါတယ်။ “ပြောအပ်တယ်ဆိုတဲ့ စကားနှစ်မျိုးကလဲ မပြောရင် မဖြစ်ဘူး၊ ပြောသာပြောပါလို့ ညွှန်တာ-ခိုင်းတာ လို့တော့ မထင်ပါ။”

ဒီအဖြစ်အပျက်ကို အစ-အဆုံးတော့ မသိပါ။ ဒီအဆင့်လောက် သိသူကနေ ဝေဖန်သမှုပြုရင် အားလုံး မမှန်နိုင်တာတော့ သေခြာတယ်။ နှာစေးနေတာတော့ မဟုတ်ပါ။ ဖေးဖေးမမ ထောက်ပြမိရင် နစ်နာစေမှာ မဟုတ်ပေမဲ့၊ ဘက်လိုက်မှု ဖြစ်သွားရင် မကောင်းတော့ပြန်ပါ။ အထင်နဲ့ ဝေဖန်မိရင် ခံရသူကို ဝါးကူထိုးရာကျနေမယ်။

သေခြာတာလောက်သာ ပြောပါရစေ။ ဒီလိုအဖြစ်မျိုး ဖြစ်တတ်ပါတယ်။ အခုမှ မဟုတ်သလို နောင်လဲ ဖြစ်နိုင်တယ်။ ဒီတိုင်းပြည်မှာသာ ဖြစ်တတ်တာ မဟုတ်ပါ။ ကျွန်တော်လဲ အပြောမလွတ်သူလို့ ဝန်ခံပါရစေ။ ဒီသတင်းမျိုးကို လူသိအောင် လုပ်တာရဲ့ ရည်ရွယ်ချက် တခုဟာ နောင် မဖြစ်စေအာင် ကူညီရာကျသင့်ပါတယ်။ တခါလောက် မမှန်တာ လုပ်မိသူတိုင်း တသက်လုံး အမှားတွေချည်း ဆက်မလုပ်ကြပါ။ စိတ်ဆိုး ဒေါသဖြစ်နေရချိန်မှာ ဖြစ်စေချင်တာမျိုးနဲ့ မတူဘဲ၊ စိတ်အေးလက်သာ ရှိလာရင် စာနာစိတ် ဝင်လာတတ်တာလဲ လူ့သဘောဘဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် တခါတလေ Scoop သတင်းတချို့က ဆိုးနေတာကို ပိုဆိုးစေနိုင်တယ်။ ပြန်ပြင်ပေးရင်တော့ တာဝန်သိတတ်တယ်လို့ သတ်မှတ်ရမှာပေါ့။

Medical malpractice ဒါမှမဟုတ် Professional negligence လို့လဲခေါ်တဲ့ ဆေးကုသရာမှာ မမှန်မကန် လုပ်မိတာ၊ ပေါ့ဆတာတွေကို ကျွန်တော်တို့ဆီမှာ တားမြစ်ထားတာတွေ ရှိနေပြီးသားတော့ ဖြစ်ပါတယ်။ ထုတ်ဖေါ်ရေးသားတာ၊ တိုင်တန်းတာ၊ တင်းကျပ်မှုလုပ်တာ၊ စစ်ဆေးအရေးယူတာတွေကတော့ အတိုင်းအတာ တခုအထိသာ ရှိပါသေးတယ်။ အားနည်းနေတာတွေက စနစ်ကြီးတခုလုံး၊ လူမှုအသိုင်းအဝိုင်းကြီး တခုလုံးနဲ့ ဆိုင်ပါတယ်။

ဒီလို အဖြစ်မျိုးနဲ့ ဆိုင်တဲ့ တရားဥပဒေပိုင်းဟာ ကျွန်တော်တို့ တိုင်းပြည်မှာ အလွန်မတန် အားနည်းနေသေးတယ်။ တရားစီရင်ရေး နဲ့ (မီဒီယာ) ဆိုတဲ့ မဏ္ဍိုင်ကြီး ၂ ခုသာမက မဏ္ဍိုင်တွေ အားလုံးက တပြေးညီညီ ကောင်းမွန်၊ တိုးတက်ဘို့ လိုမယ်ထင်တယ်။ ၁၉၄၈-၁၉၆၂ တုံးက တမျိုး၊ ၁၉၆၂-၁၉၈၈ မှာ နောက်တမျိုး၊ ၁၉၈၈-၂ဝ၁ဝ မှာလဲ နောက်ထပ်တမျိုး၊ အခု နောက်တမျိုးတော့မလိုလို ဖြစ်လာနေပြန်ပြီ။ ပြုပြင်မှု လုပ်ကြတယ် ဆိုတာကလဲ အခြေအနေ၊ အချိန်အခါ၊ ခေတ်၊ စနစ်နဲ့ လိုက်လျော ညီထွေဖြစ်ရတယ်။ ဒါမှလဲ အများလဲ လိုက်နာနိုင်တယ်။ ကောင်းလဲ ကောင်းမွန်တယ်။

အခုလို လူသိရှင်ကြား ဖြစ်လာတဲ့ အနေအထားတရပ်ဟာ မလွဲမသွေဖြစ်ရမဲ့၊ ဖြစ်သင့်တဲ့ တိုးတက်တက်မှုမျိုးထဲမှာ ပါတယ်လို့ ယူဆပါတယ်။ ရေးခဲ့သလို တာဝန်ဟာ အားလုံးနဲ့ သက်ဆိုင်တယ် ဆိုတာကိုတော့ သတိချပ်ရပါမယ်။ ညံ့သွားတာ၊ မှားသွားတာ၊ ဆိုးသွားတာတွေဟာ များသောအားဖြင့် စီမံခန့်ခွဲသူ၊ ပေါ်လစီချသူတွေမှာ တာဝန်ရှိပါတယ်။ တိုးတက်လာတာတိုင်းကိုတော့ စီမံခန့်ခွဲသူ၊ ပေါ်လစီချသူတွေကို အမှတ်ပေးလို့ မရတတ်ပါ။ လူဦးရေတိုးလာလို့ ဆေးရုံ၊ စာသင်ကျောင်း၊ အရေအတွက် တိုးလာရတာကို သတင်းစာမှာ ကြော်ညာပြီး၊ (ခရက်ဒစ်) ယူချင်တာ မမှန်ပါ။ အခုတော့ (ဂျာနယ်) တချို့မှာပါ အဲလိုလုပ်နေတယ်။

ဆေးကုသရေးမှာ ကောင်းသထက် ကောင်းစေဘို့ဆိုတာ Medical education ဆေးပညာသင်ကြားရေး၊ Entry-level education ကနဦး-ဆေးပညာဘွဲ့၊ နောက်ပြီး Postgraduate education ဘွဲ့လွန်-အထူးကု နဲ့ ဒီခေတ်မှာ မရတော့ပါ။ Continuing medical education ဆက်လက်သင်ကြားရေး၊ Online learning (အွန်လိုင်း) သင်ကြားရေး၊ ဆိုတာတွေနဲ့ စဉ်ဆက်မပြတ် လေ့လာသမှု ပြုနေကြရမယ်။

UK (ယူကေ) မှာ Quality assurance of undergraduate medical education အရည်အသွေး အာမခံတဲ့ ဘွဲ့ကြို ဆရာဝန်တွေ မွေးထုတ်လာတယ်။ Vocational training အလုပ်လုပ်ရင်း ဆေးပညာ ဆက်သင်စေတယ်။

USA (ယူအက်စ်အေ) မှာ Medical school ဆေးကျောင်း၊ Internship အလုပ်သင်ဆရာဝန်၊ Residency အထူးကု၊ Fellowship တကယ့်အထူးကု ဖြစ်တဲ့ နောက်မှာတောင်မှ လုပ်ရသေးတဲ့ Board certification ဆိုတာ Continuing medical education ဆက်လက်သင်ကြားရေး ဆိုတာထားသေးတယ်။

ကျွန်တော်တို့ဆီမှာ ဆေးပညာသင်ကြားရေးကို အရည်အသွေး အလေးထား-မထား မပြောချင်သေးပါ။ အချိန်တိုတိုနဲ့ သင်ပေးလာတာကတော့ အသေအခြာဘဲ။ ကျွန်တော်တို့ အရင်က ၇ နှစ်ခွဲ၊ ကျွန်တော်တို့က ၇ နှစ် ခေတ်၊ အခု ၆ နှစ်ထဲ။

ဘွဲ့တွေဆိုတာ စာတော်တဲ့သူ၊ ကြိုးစားတဲ့သူတွေ ရနိုင်ကြတယ်။ ရင့်ကျက်မှု ဆိုတာတော့ အတွေ့အကြုံကနေမှ ရတယ်။ ပညာပြိုင်ကြတဲ့ ဆင်ဦးစီးရော ဆီသည်မပါ အနှစ်နှစ်အလလ လက်တွေ့ပညာတွေ သင်ခဲ့ကြလို့ ဖြစ်ပါတယ်။ ဆရာကို အာခံလို့ အာခေါင် လှံစူးသူဟာ ပညာမှာတော့ ပြိုင်စံရှားအောင် တော်ပါတယ်။ “သြဇာလေးနက် ပေါ်ဆီတက်၍ နွယ်မြက် သစ်ပင် ဆေးဖက်ဝင်၏” ဆိုတာမျိုးကို ဆေးပညာ ပါရဂူဘွဲ့ ရထားသူတိုင်းကနေ မဖြစ်စေနိုင်လောက်ဘူး။ “သမားဆို အိုမှ” ဆိုသလို အတွေ့အကြုံကနေ ရင့်ကျက်မှု ရစေတာ မှန်တယ်။

သူများတိုင်းပြည်တွေမှာ ဆေးပညာတွေ၊ ဆေးသုတေသနတွေ ဘယ်လောက် တိုးတက် ကောင်းမွန်နေပေမဲ့ လူတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှုဆိုတာ တရားမမျှတမှုတွေ၊ ဒီမိုကရေစီ မကျတာတွေ အများကြီး ရှိနေကြတယ်။

ဗမာပြည်မှာ ဝေဒနာသည် အများကြီးကတော့ အပြစ်တင်စရာ အနားမှာ သားဖွါးဆရာမတောင်မှ မရှိကြပါ။ (မီဒီယာ) ကလဲ လမ်းမပေါက်တဲ့ဆီ မရောက်နိုင်ကြသေးပါ။ ကိုယ့်နိုင်ငံအတွက် ကျန်းမာရေးကအစ ကောင်းတာ၊ မှန်တာ၊ တရားမျှတတာတွေ ဖြစ်စေဘို့ ကိုယ့်အခြေခံ၊ ကိုယ့်ပေတံနဲ့ ကိုယ်တိုင် ကြိုးပမ်းကြရပါလိမ့်မယ်။ အားလုံးက လုပ်မှရမယ်။ အဲလို လုပ်ခွင့်လဲ ရှိရမယ်။

Dr. တင့်ဆွေ
၂၆-၁ဝ-၂ဝ၁၁

1 comment:

Mary Grace said...

Hi looks so impressive and interesting blogs, come and visit us back too:
http://motors.com.mm/?utm_campaign=mot_mm_lb_blog_mgesc&utm_source=mot_lb_blog&utm_medium=lb_blog