Wednesday, August 22, 2012

Head Injury မတော်တဆ မပေါ့ကြနဲ့

ချင်းတွင်းမြစ်ကို မုံရွာ-ညောင်ပင်ကြီးဆိပ်ကနေ ကူးရတာက အတွေ့အကြုံတမျိုးပါ။ အများဆုံး သုံးကြတာကတော့ ကားပါ တင်ကူးလို့ရတဲ့ ဇက်နဲ့ပေါ့။ စက်လှေရော လူလှော်တဲ့လှေရော ရှိတယ်။ ရာသီအလိုက် ရေတက်တာ ကျတာရှိလို့ တခါနဲ့ တခါ တချိန်နဲ့ တချိန် မတူဘူး။ ရေသိပ်ကျနေရင် သောင်ပြင်ကြီးဖြတ်ပြီး၊ သုံးဆင့်သွားတန် သွားရတတ်သေးတယ်။ ခရီးသွား ခရီးပြန်တွေ ဆိုတာကလည်း အမျိုးအစား၊ အတန်းအစားတွေကလဲ စုံမှစုံ။ သုံးရာသီ ပြည့်အောင် ထိုင်ကြည့်နေရင် စာရေးတတ်တဲ့သူတွေအတွက် ရေးစရာတွေ ပုံနေမယ်။

အောက်သားတွေက သံလျင်ကူးတို့အကြောင်း ရုပ်ပြကာတွန်းစာအုပ်တွေထဲ ရေးချိန်မှာ ချင်းတွင်းသား ကာတွန်းဆရာ မထွန်းကားခဲ့ဘူးနဲ့ တူပါရဲ့၊ ချင်းတွင်းက ရင်ခုန်စရာဇာတ်လမ်းတွေ၊ ရီစရာ-မောစရာတွေ မဖတ်ခဲ့ရဘူး။ မုံရွာမှာလည်း “စံရွှေမြင့်”တွေ ရှိတာပါ။ သီတာသင်္ဘောပေါ်က ဆေးရောင်းတဲ့လူတွေနဲ့မခြား မုံရွာကူးတို့က ဆေးအရောင်းဆရာများ ကလည်း ကြော်ညာရာမှာ ထူးခြားတာတွေ ရှိတာပါဘဲ။ တော်တော်လေးစားရင် မော်တော်လေးများ သွားသလို၊ ဆိုတာမျိုး လျက်ဆားရောင်းသူဆီက ကြားနိုင်တယ်။

အောက်သားတွေထက် ပိုတာရှိသေး။ သစ်ပုလွေသားကိုင်းမှာ သနပ်ခါးရွက်တွေ ထိုးစိုက်ပြီး တင်လာတဲ့လူတွေ ကူးတို့ပေါ်မှာ ပါတယ်။ မသိသူ ဝယ်သွားကြပေါ့။ ပုံတောင်-ပုံညာက ယောသားတွေလည်း လာမယ်။ ဂန့်ဂေါထည်တွေ သည်လာသူတွေ တွေ့ရမယ်။ ဆားလင်းကြီးဘက်က ထန်းပင်မြစ် ကောင်းကောင်းတွေ၊ ပုလဲ၊ ယင်းမာပင်က ကုလားပဲနဲ့ဂျုံတင်တဲ့ ကားတွေက အပြန်မှာ ဆန်တင်ခဲ့ကြတယ်။ မန္တလေးကုန်၊ အတက်ချင်းတွင်းကုန်နဲ့ မိုးလေးကုန် ခေါ်တဲ့ ကုလားပြည်ထွက် ပစ္စည်းတွေ၊ ရေးပြလို့တောင် စုံမှာမဟုတ်ဘူး။

ဟိုတချိန်ကပေါ့၊ မန္ကလေး (ဝသ) က သမိုင်းမေဂျာ ကျောင်းသူ ကျောင်းသားတွေ ဖိုးဝင်းတောင်ဖက် ခရီးထွက် ကြဘူးတယ်။ (ဝသ)ဆိုတာ ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်ကို ခေါ်ခဲ့တာပါ။ မုံရွာကနေ ဆွဲမော်တော်ကြီးနဲ့ ကူးကြရတာပေါ့။ ဆိပ်ကမ်းလဲ ကပ်ရော မော်တော်ပေါ်က ဆိုင်းဘုတ် ပြုတ်ကျပြီး၊ ကျောင်းသူတယောက် ခေါင်းခိုက်မိပါလေရော။ အဲ့ ကျောင်းသူက ဘုတလင်သူ။ သူ့အဆက်က ဆေး-မန်းက မုံရွာသား။ (အဆက်)ဆိုတာ သမီးရည်းစား။ ဘန်းစကားဆိုတာ တခေတ်နဲ့တခေတ် မတူးဘူး မဟုတ်လား။ အခု ဘာခေါ်ကြလဲ မသိပါ။ ဆေး-မန်း ဆိုတော့ အလွယ်သိကြမှာပေါ့။

ဆေးကျောင်းသားလေးခင်ဗျာ စိတ်ပူရှာလို့ ဘာလုပ်ရမှန်း သိပ်မသိ၊ နောက်ဆုံး ခေါင်တက် အကူအညီတောင်းသဗျ။ သမိုင်းပါမောက္ခက ဒေါက်တာသန်းထွန်း။ သူ့အိမ်သွား တံခါးခေါက်တယ်။ အမှန်က တံခါးခေါက်ရတာတော့ မဟုတ်ဘူး။ “ကွန်သာယာ” အိမ်တံခါးမှာ ကြေးခြူ ခပ်ကြီးကြီး တပ်ထားတာမို့ ဆွဲလှုပ်ရတယ်။ မောင်ကျောင်းသားကို ပါမောက္ခက နှစ်သိမ့်ရှာပါတယ်။

ခေါင်းကိုထိရင် မပေါ့ရပါ၊ ဆေးကျောင်းသား သိပါသည်။ ခေါင်းခွံက အမာကြီး။ အထဲက ဦးနှောက်ဆိုတာက ပျော့စိစိ။ ခေါင်းခွံအထက် ဦးရေခွံကထူတယ်။ လူ့အရေပြားဆိုတာ လက်ဖမိုး၊ ခြေဖမိုးရှိတာက အရေပါး။ လက်ဖပါး၊ ခြေဖဝါး ရှိတာက အရေထူ။ ဦးခေါင်းဖုံးထားတာက အထူဆုံး။ မှန်ဘီလူးနဲ့ကြည့်ရင် ငါးထပ်တောင်ရှိတာ။ SCALP စာလုံးငါးလုံး မဟုတ်လား။ ဦးရေခွံ ကွဲနိုင်-ပြဲနိုင်တယ်။ ဒါက ချုပ်လိုက်ရင် ပြီးရော။

အမှန်က မပြီးသေးဘူးဗျ။ ခေါင်းထိရင် အနည်းဆုံး ၂၄ နာရီ စောင့်ကြည့်ရတယ်။ ကြားထဲမှာ မူးသလား၊ အန်သလား၊ သတိ ကောင်းရဲ့လားစတာတွေ ကြည့်ရမယ်။ ပျော့စိစိကို သွားထိသလား ဆိုတာပေါ့။ ဦးနှောက်ဟာ ခေါင်းခွံ အမာကြီးထဲမှာ နေရတာ မလွတ်လပ်ပါ။ မလွတ်လပ်ဘူးဆိုတာက ဒီလို့ ဘောင်းဘီက ခပ်ကြပ်ကြပ်၊ ခါးပတ်လည်း ပတ်ထားပြီး၊ ထမင်း အဝအပြဲစားလိုက်ရင် ဘာဖြစ်မလဲ။ အဲလိုဘဲဗျ။

လူ့ကိုယ်မှာ တခုခုနဲ့ခိုက်မိရင် ထိတဲ့နေရာမှန်သမျှ ရောင်လာတယ်။ တိတိကျကျပြောရင် ရောင်တယ်၊ နီတယ်၊ နာတယ်၊ ပူလဲ ပူလာမယ်၊ နောက် သူ့တာဝန်သူ မလုပ်နိုင်တော့ဘူးဆိုပြီး၊ “ငါးမည်ရ ရောင်ခြင်း” ဖြစ်ပါတယ်။ Inflammation လို့ ခေါ်ကြတာပေါ့။

“လျော့စားမယ်ဗျာ” ပြောပြီး၊ ပုဆိုးလျော့ဝတ်သလို ပျော့စိစိ ဦးနှောက်ခမြာ လုပ်မရပါ။ ဒီတော့ ခေါင်းခွံ အမာကြီးထဲ ရောင်ချင်တိုင်း ရောင်မရ၊ ဒုက္ခမလှမပ တွေ့ရတော့တယ်။ မူးတာ-အန်တာ စတာတွေ ဖြစ်လာမယ်။ စောင့်ကြည့်ပါဆိုတာ အဲတာပါ။

ဒါတင် ဘယ်ကမလဲ၊ ဒီထက်တောင် ဆိုးတာ ရှိနိုင်သေး။ ခေါင်းကို တဖက်ကနေ ရိုက်မိတယ်-ထိုးမိမယ်ဆိုပါတော့၊ ထားပါ ဘယ်ဘက်ကနေ လက်သီးနဲ့ ထိုးမယ်။ အမာစား အခွံထဲက အပျော့စား ဦးနှောက်ဟာ ဘယ်ဘက်မှာ တချက်နာ၊ နောက် ညာဘက်ဆီ ရွေ့သွားရတယ်။ ခက်တာက ညာဘက်မှာလဲ ခေါင်းခွံအမာကြီးက ခံထား။ ဒီတော့ ညာဖက်က အမာစားနဲ့ တခါထပ်ညားလို့ “မပြော့စိ နှစ်ခါနာ” ဖြစ်ရရှာရော။ သနားပါတယ်ဟယ်။

ခေါင်းခိုက်မိရင် ခေါင်းရင်း မြှင့်ထား၊ ခေါင်းအုံး မြင်မြင့်နဲ့သိပ်။ နဲနဲပါးပါး ရောင်တာကို သက်သာအောင်ပေါ့၊ ဆေးရုံ ရောက်ရင် အရောင်ကျအောင် ဆားခါးထိုးဆေး ထိုးပေးလိမ့်မယ်။ အိပ်ဆေး၊ အရက်မပေးပါနဲ့။ သူ့ကြောင့်မူးလား၊ ဒဏ်ရာကြောင့် မူးလား မသိမှာစိုးလို့။ အိပ်မပျော်အောင်တောင်မှ နိုးနေဘို့လိုပါတယ်။ မီဒီယာသမားများလို မေးခွန်းတွေ တောင်စဉ် ရေမရ မေးနေပါ။ ဆီလျော်တာ မလျော်တာ မလိုဘူး။

ပျော့စိစိမှာရှိတဲ့ သွေးကြောဆိုတာကလဲ နုနုလွလွလေးတွေ။ ပေါက်ပြီဆိုရင် သွေးထွက်စရာ ဘယ်မှာလဲ။ အထဲထဲမှာ
တဝဲလည်လည်ပေါ့။ ရှိတော့ရှိတယ် ထွက်ပေါက်နှစ်ခု။ နားနဲ့ နှာခေါင်း။ နှာခေါင်းထဲယိုရင် ပါးစပ်ထဲကလည်း သွေးထွက်မယ်။ ခေါက်ခိုက်မိလို့ နှာခေါင်းသွေးယိုတာနဲ့ နားထဲကနေ သွေးယိုရင် ဆိုးပြီသာမှတ်ပေတော့။ သွေးမဟုတ်ဘဲ ခပ်ကြည်ကြည် အရည်ယိုရင်လဲ ဆိုးတာဘဲ။ တက်နိုင်တယ်၊ မျက်စိသူငယ်အိမ် အလုပ်ကောင်းကောင်း မလုပ်နိုင်တာလဲ ဖြစ်နိုင်တယ်။ ခေါင်းခွံ အောက်ခြေ ကွဲနိုင်တယ်။ အသက် မသေရင်တောင် ပြန်မရတော့မဲ့ ဒုက္ခိတ လက္ခဏာတွေ ကျန်နေ နိုင်ပါသေးတယ်။ သွေးယိုတဲ့နေရာတို့၊ အရိုးကွဲတဲ့နေရာတို့က လူ့ရဲ့အဓိကအလုပ်တွေကို ထိန်းချုပ်တဲ့အပိုင်းတွေကို ဖြစ်ရင်တော့ ချက်ချင်းဆိုသလို ဆုံးပါးသွားနိုင်တယ်။ ဟိုတနေ့က တိုက်ပေါ်ကကျတဲ့ ချင်းဒုက္ခသည်တယောက် ဆေးခန်း မရောက် လိုက်ရပါ။ ဆရာဝန်လဲ ကံကောင်းတယ်ပေါ့။

Head injury ဟာ ယောက်ျားတွေမှာ ပိုဖြစ်တတ်ပါသတဲ့။ ယာဉ်မောင်းရတာလည်း ပိုများ၊ အားကစား လုပ်တာတို့၊ ရန်ဖြစ်တာတို့၊ အလုပ် ထွက်လုပ်ရတာလည်း မိန်းမတွေထက် များတာကိုး။ ယောက်ျားတွေ သနားဘို့ မကောင်းဘူးလား။

(ဟဲလ်မက်)ကို ဆိုင်ကယ်စီးတာတခုထဲ မဟုတ်ဘဲ၊ တီဗွီထဲမှာ မြင်ဘူးသမျှ နေရာတိုင်းကို လိုက်တုပြီး ဆောင်းတာ ကောင်းပါတယ်။ ခရစ်ကက်ရိုက်တာ၊ ရေခဲပြင်ဟော်ကီကစားတာ၊ ဘေ့စ်ဘောကစားတာတွေ ကျွန်တော်တို့ တိုင်းပြည်မှာ မရှိသေးတာ ရွှေဗမာများ ကံကောင်းတယ် ထင်ကြအောင်ဗျာ။ လက်စွဲတော် စက်ဘီးစီးရာနဲ့ အလုပ်ခွင်တွေမှာတော့ (ဟဲလ်မက်) ဆောင်းကြဘို့ အကြံပေးလိုက်ချင်တယ်။

ညောင်ပင်ကြီးကူးတို့ စီးရာမှာ (ဟဲလ်မက်) မဆောင်းခဲ့ပေမဲ့၊ သမိုင်းကျောင်းသူက ကံကောင်းခဲ့ပါတယ်။ အခုချိန်မှာတော့ သူ့ကို ဖွါးဖွါး၊ ကျွန်တော့်ကို ဖိုးဖိုးလို့ အခေါ်ခံနေရချိန်အထိ အသက်ရှည်ဆဲပါ။

Dr. တင့်ဆွေ
၁၁-၁-ဝ၉
၃ဝ-၁၁-ဝ၉

1 comment:

Kay Lay said...

ဆရာ ကျန်းမာပါစေ