Saturday, January 25, 2014

င်္Ferry ချင်းတွင်းမြစ်ကူး ညောင်ပင်ကြီးကူတို့

“မတော်တဆ မပေါ့ကြနဲ့” ဆိုတဲ့အထဲမှာ ဒီလိုနိဒါန်ပျိုးခဲ့ပါတယ်။ ချင်းတွင်းမြစ်ကို မုံရွာ-ညောင်ပင်ကြီးဆိပ်ကနေ ကူးရတာက အတွေ့အကြုံတမျိုးပါ။ အများဆုံး သုံးကြတာကတော့ ကားပါ တင်ကူးလို့ရတဲ့ ဇက်နဲ့ပေါ့။ စက်လှေရော လူလှော်တဲ့လှေရော ရှိတယ်။ ရာသီအလိုက် ရေတက်တာကျတာရှိလို့ တခါနဲ့တခါ တချိန်နဲ့ တချိန် မတူဘူး။ ရေသိပ်ကျနေရင် သောင်ပြင်ကြီးတွေကိုဖြတ်ပြီး၊ သုံးဆင့်သွားတန် သွားရတတ်သေးတယ်။ ခရီးသွား ခရီးပြန်တွေ ဆိုတာကလည်း အမျိုးအစား၊ အတန်းအစားတွေကလဲ စုံမှစုံ။ သုံးရာသီ ပြည့်အောင် ထိုင်ကြည့်နေရင် စာရေးတတ်တဲ့သူတွေအတွက် ရေးစရာတွေ ပုံနေမယ်။ အောက်သားတွေက သံလျင်ကူးတို့အကြောင်း ရုပ်ပြကာတွန်းစာအုပ်တွေထဲ ရေးချိန်မှာ ချင်းတွင်းသား ကာတွန်းဆရာ မထွန်းကားခဲ့ဘူးနဲ့ တူပါရဲ့၊ ချင်းတွင်းက ရင်ခုန်စရာဇာတ်လမ်းတွေ၊ ရီစရာ-မောစရာတွေ မဖတ်ခဲ့ရဘူး။ မုံရွာမှာလည်း “စံရွှေမြင့်”တွေ ရှိတာပါ။ သီတာသင်္ဘောပေါ်က ဆေးရောင်းတဲ့လူတွေနဲ့မခြား မုံရွာကူးတို့က ဆေးရောင်း၊ ဈေးရောင်းသူများကလည်း ကြော်ညာရာမှာနဲ့ အော်ရာမှာ တော်တာတွေ ရှိတာပါဘဲ။ “တော်တော်လေးစားရင် မော်တော်လေးများ သွားသလို” ဆိုတာမျိုး လျက်ဆားရောင်းသူဆီကနေ ကြားနိုင်တယ်။ အောက်သားတွေထက် ပိုတာရှိသေး။ သစ်ပုလွေသားကိုင်းမှာ သနပ်ခါးရွက်တွေ ထိုးစိုက်ထားတဲ့ ရောင်းစရာ ကူးတို့ပေါ်မှာ ပါတယ်။ မသိသူ ဝယ်သွားကြပေါ့။ ပုံတောင်-ပုံညာက ယောသားတွေလည်း လာမယ်။ ဂန့်ဂေါထည်တွေ သည်လာသူတွေ တွေ့ရမယ်။ ဆားလင်းကြီးဘက်က ထန်းပင်မြစ် ကောင်းကောင်းတွေ၊ ပုလဲ၊ ယင်းမာပင်က ကုလားပဲနဲ့ဂျုံတင်တဲ့ ကားတွေက အပြန်မှာဆန်တင်ခဲ့ကြတယ်။ မန္တလေးကုန်၊ အတက်ချင်းတွင်းကုန်နဲ့ မိုးလေးကုန်ခေါ်တဲ့ ကုလားပြည်ထွက် ပစ္စည်းတွေ၊ ရေးပြလို့တောင် စုံမှာမဟုတ်ဘူး။ ဟိုတချိန်ကပေါ့၊ မန္ကလေး (ဝသ) က သမိုင်းမေဂျာ ကျောင်းသူကျောင်းသားတွေ ဖိုးဝင်းတောင်ဖက် ခရီးထွက် ကြဘူးတယ်။ (ဝသ) ဆိုတာ ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်ကို ခေါ်ခဲ့တာပါ။ မုံရွာကနေ ဆွဲမော်တော်ကြီးနဲ့ ကူးကြရတာပေါ့။ ဆိပ်ကမ်းလဲကပ်ရော မော်တော်ပေါ်က ဆိုင်းဘုတ် ပြုတ်ကျပြီး၊ ကျောင်းသူတယောက် ခေါင်းခိုက်မိပါလေရော။ အဲ့ ကျောင်းသူက ဘုတလင်သူ။ သူ့အဆက်က ဆေး-မန်းက မုံရွာသား။ (အဆက်) ဆိုတာ သမီးရည်းစား။ ဘန်းစကားဆိုတာ တခေတ်နဲ့တခေတ် မတူးဘူး မဟုတ်လား။ အခု ဘာခေါ်ကြလဲ မသိပါ။ (ဆေး-မန်း) ဆိုတော့ အလွယ်သိကြမှာပေါ့။ ဆေးတက္ကသိုလ် (မန္တလေး)။ ဆေးကျောင်းသားလေးခင်ဗျာ စိတ်ပူရှာလို့ ဘာလုပ်ရမှန်း သိပ်မသိ၊ နောက်ဆုံး ခေါင်တက် အကူအညီတောင်းသဗျ။ သမိုင်းပါမောက္ခက ဒေါက်တာသန်းထွန်း။ သူ့အိမ်သွား တံခါးခေါက်တယ်။ အမှန်က တံခါးခေါက်ရတာတော့ မဟုတ်ဘူး။ “ကွန်သာယာ” အိမ်တံခါးမှာ ကြေးခြူ ခပ်ကြီးကြီး တပ်ထားတာမို့ ဆွဲလှုပ်ရတယ်။ ဆေးကျောင်းသားကို ပါမောက္ခက နှစ်သိမ့်ရှာပါတယ်။ စာကြွင်း။ ဆေးကျောင်းသား ကျွန်တော်၊ သမိုင်းကျောင်းသူ ဆရာကတော်။ ဒေါက်တာတင့်ဆွေ ၁၉-၁-၂ဝ၁၄

No comments: