Tuesday, March 4, 2014

Walking on Chindwin River bridge ချင်းတွင်းတံတား လမ်းသလားခြင်း

(ကျွန်တော့်ထက်ငယ်တဲ့ မုံရွာကဆရာဝန်တယောက် နှလုံးသွေးကြောကျဉ်းလို့ ရှောင်သင့်တာတွေရှောင်၊ ဖြတ်သင့်တာတွေဖြတ်ပြီး၊ ‘စတန့်’ ထည့်ထားရသတဲ့။ ကျန်းမာရေးကိုလိုက်စားပြီး၊ ချင်းတွင်းတံတားပေါ်မှာ လမ်းလျှောက်နေတာတွေ့မိလို့ ဒီစာလေးရေးဖြစ်ခဲ့ပါတယ်။)

• ဆရာရေ ကျွန်တော်နေရတဲ့တိုင်းပြည်မှာတော့ လမ်းလျှောက်စရာနေရာ မရှိတာမို့၊
• အနှစ်နှစ်ဆယ်ကျော်ကြာပေမဲ့ မိနစ်နှစ်ဆယ် မကျော်ခဲ့ဘူးလို့ ပြောရမလား၊
• လူတွေက တအားများ၊ သန့်ရှင်းမှုက တအားနည်း၊ မဲလို့သဲလို့ပေါ့ဗျာ၊
• ခြေချဘို့နေရာ ပလက်ဖေါင်းမှာမရှိ၊ ငုံကြည့်သွားမှ ကိုယ့်ခြေဖဝါး သူများဟာမထိမှာ။

• ပန်းပင်မရှိတဲ့ ပန်းခြံဆိုတာတွေတော့ရှိပါရဲ့၊ မင်္ဂလာဆောင်တာနဲ့ ခရစ်ကက်ကစားဘို့သာ သုံးကြတာ၊
• တချို့နေရာတွေမှာ မဆိုးလှပါ၊ ဒါပေမဲ့ဗျာ အာရုံကမရ၊
• ဧည့်သည်လိုလို အလည်လာသလိုနေရပေမဲ့ ဒုက္ခသည်ဟာ ဒုက္ခသည်ဘဲဗျ။

• ဧကစာရီအကျင့်နဲ့ နိုင်ငံရေးသမားအဖြစ်က အတော်ကိုခြားနား၊
• အများနဲ့ ဆွေးနွေး၊ အတွေးအမြင်တွေ အပြန်အလှန်ပြော၊ တခါတလေလဲ တရားဟော၊
• ဒါပေမဲ့ဆရာ ပြောမဲ့စကား နားထောင်မဲ့သူဆိုတာ ကြာလေရှားလေဗျာ၊
• ခုနေမှာ မရှိတော့ဘူးပြောရတော့မလောက်၊
• ခြောက်ကပ်ကပ်လုပ်ရတဲ့နိုင်ငံရေးထဲမှာ ခြောက်ကပ်ကပ်လမ်းမလျှောက်ဖြစ်ပါ။

• အခုနေခါ ချင်းတွင်းတံတားမှာ လမ်းသလားရင်း စကားပြောရရင်တော့လား၊
• ကြားချင်တာတွေရော၊ ပြောချင်တာတွေပါ ကုန်ပါ့မလားဘဲ၊
• အဲ့ ပြောချင်တာတွေတချို့တော့ ပြောနေရေးနေတာမို့ ကြားချင်တာက ပိုများတယ်ဗျာ။

• ဒါလဲဗျာ သိသင့်သလောက်တော့ သိပါရဲ့၊
• လာတဲ့တိုင်းကို သွားတွေ့၊ အချိန်ရသ၍ အိမ်ခေါ်ထမင်းကြွေး၊
• တွေးစရာ၊ နွေးစရာ၊ ဆွေးစရာတွေ အပြည့်ပေါ့ဗျာ။
• ခုအခါ အင်တာနက်က နေ့ရောညပါ အဆက်ရလို့၊
• ကိုယ့်ဆီက ဘာဖြစ်ဖြစ်၊ မိနစ်မဆိုင်း ဒိုင်းကနဲပေါ့ဗျာ။

• သိချင်ပြောချင်တာထက် ဘာဆက်လုပ်ရင်ကောင်းမယ်ကို ပိုအရေးထား၊
• ပင်စင်စားမဟုတ်၊ လုပ်နိုင်တာကို လုပ်စာမရလဲဆက်လုပ်၊
• အဝေးထိန်းခလုတ်နဲ့ အာဏာရှင်ကိုဖြုတ်ချချင်နေတုံးဘဲဗျာ။

• ပြန်ပြောင်းပြီး အဟောင်းမလှန်ချင်ပေမဲ့ မကောင်းတာမှန်ရင်တော့ ပြောချင်၊ ရေးချင်၊
• အမြင်သစ်အတွေးတွေနဲ့ နောက်မျိုးဆက်လေးတွေကိုသာ လက်ဆင့်ကမ်းပေးချင်လှတယ်ဗျာ။

• ဟောဆရာ့ တံတားတော့ဆုံးပြီ၊ လမ်းမဆုံးသေးပါလား၊
• ဆက်သွားကြအုံးမယ်ဗျာ။

ဒေါက်တာတင့်ဆွေ
၁၇-၁-၂ဝ၁၄
၎-၃-၂ဝ၁၄

No comments: