Thursday, March 13, 2014

The roof ခေါင်မိုး ငှက်ဆိုးမနားစေနဲ့

• ယာခင်း၊ လယ်ကွင်း၊ ကန်သင်းရိုးပေါ်၊ ကျော်ကျော်ပြီးသကာလ၊
• စည်းရုံးရအောင်၊ တောင်-မြောက်-ရှေ့-နောက်၊
• ခြေလျင်လျှောက်၊ ကားနဲ့ရောက်၊
• ပိတောက်ဝါ၊ ငုဝါ၊ စကားဝါ၊ အဲသည်နွေမှာ၊
• တရွာပြီးတရွာ၊ တနယ်ပြီးတနယ်၊ ငါလည်ပြီးတရားဟော၊ စကားပြော၊
• အများသဘောဆန္ဒနဲ့ ငါအရွေးခံရ၊ ၁၉၉ဝ ခုနှစ်က မေလ။

ကိုးဆယ်ခုနှစ် ဆောင်းကစပြီး
• မြစ်ကြီးတွေဖြတ်၊ တောင်ကြီးတွေကျော်၊ နိုင်ငံတွေကျော်၊
• အခက်အခဲတွေကျော်၊ နှစ်လတွေကျော်၊
• လမ်းမတွေပေါ်ကြွေးကြော်၊ စဉ်မြင့်တွေပေါ်တက်အော်၊
• လေလှိုင်းကနေဟစ်အော်၊ အနှစ်နှစ်ဆယ်ကျော်။

၂၄ နှစ်အတွင်းမှာ
• ဆောင်းလညအခါ ငါ့အိမ်လေးက ထင်းမီးဖိုဘေးမှာ၊
• ရေနွေးအိုးအသစ်နဲ့ ထန်းပင်မြစ်စားဘို့ ငါသွားချင်ခဲ့တယ်။

• ပူအိုက်တဲ့နွေ၊ ငါ့အိမ်ခြံမြေမှာ အလည်လာပြီး၊
• ဆီးသီး၊ သရက်သီး၊ ငါခူးပြီးစားချင်ခဲ့တယ်။

• မိုးစက်ပေါက်ကျ ငါ့အိမ်ဝမှာ၊ လာသမျှဝေဒနာသည်၊
• ငါတကယ် ဆေးကုပေးချင်ခဲ့တယ်။

၂၄ နှစ်အကြာမှာ
• ငါ့အိမ်နေရာကို ငါပြန်မြင်နိုင်ပြီ၊ ငါ့လူတွေဆီ စကားစမြီပြောနိုင်ပြီ၊
• ငါရေးသီတာတွေ သူများဖတ်နိုင်ပြီ၊ ငါ့ဆေးပညာနဲ့ အဝေးကနေကူနိုင်ပြီ။

ငါလုပ်ခဲ့သမျှ
• အလဟသမဖြစ်၊ လူသစ်တွေကဆက်ခံ၊
• သူတို့ခေတ်မှာ ပိုထက်သန်၊ ပိုသွက်မြန်။

ဧကန်ယောက်ျား လူသစ်များ၊
• ငါဆိုတဲ့ ကျောက်သားအခင်း မာတင်းတင်းမှာ တက်နင်းတိုင်ထူကြပါလော့၊
• ထုပ်၊ ဒိုင်း၊ ရက်မ၊ အခြင်၊ မြား၊
• လှေကား၊ မြင့်မို၊ ခေါင်လျောက်၊ ခိုင်မာအောင်ဆောက်ကြလော့။

• အိမ်အသစ်မှာ ကမ္ပည်းထိုးစရာ၊
• တခုတော့မှာချင်တာ၊
• ‘ခေါင်မိုး ငှက်ဆိုးမနားစေနဲ့’။ ။

ဒေါက်တာတင့်ဆွေ
၁၃-၃-၂ဝ၁၄

No comments: