Wednesday, March 26, 2014

Pidauk flower ပိတောက်ပန်းနဲ့ အလွမ်းသယ်ပါရစေ

• မြန်မာပြည်မှာ ပိတောက်တွေပွင့်ပြီတဲ့။
• မုတ်သုန်ရာသီဥတုတော့ အတူတူရှိပေမဲ့ ဒီမှာက ပိတောက်ပင်ဆိုတာ ဘယ်နေရာမှာမှ မရှိပါ။ ငုကတော့ ဒေလီမှာလဲ ဝင်းဝါနေတာဘဲ။ ကာလကတ္တား ရခိုင်ဆရာတော် ကျောင်းမှာ မြန်မာပြည်ကနေ တကူးတကယူပြီး စိုက်ထားတဲ့ ပိတောက်ပင်ရှိတယ်။ အဲဒီကျောင်းမှာ အိန္ဒိယကို စာသင်လာသင်နေကြတဲ့ ဘုန်းဘုန်းတွေကို နွေရာသီတခုမှာပေးတဲ့ သင်တန်းကိုသွားပြီး HIV/AIDS ရောဂါနဲ့ နိုင်ငံရေးဆိုင်တာလေးတွေ သွားပြောခဲ့ရတုံးက တွေ့ခဲ့ရတယ်။ မပွင့်သေးချိန်မို့ ပိတောက်ပန်းကို မှန်းပြီးဘဲလွမ်းခဲ့ရတယ်။
• ထိုင်းနိုင်ငံမှာတော့ လမ်းဘေးတွေမှာ ပိတောက်ပင်တွေ အစီအရီရှိပေမဲ့လဲ ဘယ်သူမှ ခူးယူပြီး ပန်တာ၊ ပေးတာတွေ မလုပ်ကြဘူး။

• ပိတောက်ပန်းကို ခုံမင်နှစ်သက်တာ အသက်အရွယ် ငယ်သူတွေ၊ ရွယ်သူတွေဖြစ်ပေမဲ့၊ ကြီးသူတွေလဲ ငယ်ရာရွယ်ရာကနေ ကြီးလာကြတာမို့ စွဲလမ်း တမ်းတာကြတာပါဘဲ။
• ‘တနှစ်မှာ တလ၊ တလမှာတရက်’ ဆိုပြီး ပိတောက်ပွင့်တဲ့ကာလကို ပြောကြတယ်။ ခုံမင်နှစ်သက်ကြလွန်းလို့ ‘ပိတောက်တွေ နေ့စဉ်ပွင့်ပါစေ’ လို့ ဆုချွေကြတယ်။ ‘ငုနဲ့ပိတောက် နွေမှာလှိုင်သည် စုနဲ့ခမောက် မေမှာနိုင်မည်’ ဆိုတာ ၁၉၉ဝ တုံးက အကောင်းဆုံး ရွေးကောက်ပွဲဆောင်ပုဒ် ဖြစ်ခဲ့တယ်။
• ကိုယ့်ရပ်ကိုယ့်ဆီမှာသာ ထူးခြားပြီးရှိတာမှန်သမျှ ဂုဏ်ယူကြတယ်။ ပိတောက်ပန်းဟာ ကျွန်တော်တို့ တိုင်းပြည်က လူတွေအတွက် ဂုဏ်တက်စရာ အမှန်ပါ။ ဘယ်လောက်မွှေးတယ်၊ ဘယ်လောက်လှတယ်စသဖြင့် သူများတွေကိုပြောရင် မခံစားတတ်ကြဘူး။ အချင်းချင်းသာ အလွမ်းသယ်ကြရပါတယ်။
• အခုလို အပြင်ကနေ ဗုံးပေါလအော ဝင်လာနေတာတွေ များလွန်းနေချိန်မျိုးမှာ ကိုယ်ပိုင်အရာတွေကို ချစ်တတ်၊ မြတ်နိုးတတ်ကြတာ အလွန်ကောင်းမြတ်တယ်။
• ‘ပိတောက် မြန်မာပြည်က မပျောက်ပါစေနဲ့’။

ဒေါက်တာတင့်ဆွေ
၂၆-၃-၂ဝ၁၄
(အထဲနေ မိတ်ဆွေဆရာဝန်နှစ်ယောက် (ဒေါက်တာထွန်းလှိုင်နဲ့ ဒေါက်တာလှလှမြင့်) ကနေ့တင်ကြတဲ့ဓါတ်ပုံတွေကို သုံးလိုက်ပါတယ်။)

No comments: